တရုတ်နှင့် ထိစပ်နေသော နယ်စပ်ကို ငါးလနီးပါးပိတ်ထားခြင်းနှင့် COVID-19 ကာကွယ်ရေး စီမံချက်များကြောင့် မြောက်ကိုရီးယားတွင် စားနပ်ရိက္ခာရှားပါးမှုနှင့် အာဟာရချို့တဲ့မှုများ ဖြစ်ပွားနေကြောင်း မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမက်စ်အိုဂျီယာကူအင်တာနာက ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။
စားနပ်ရိက္ခာပြတ်လပ်မှုသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း မြောက်ကိုရီးယားနိုင်ငံအပေါ် ကြီးကြီးမားမား သက်ရောက်စေခဲ့ကြောင်း၊ စားနပ်ရိက္ခာ မလုံလောက်မှု ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိပြီး နိုင်ငံတွင်းသို့ ရိက္ခာထောက်ပံ့မှုများ စီးဝင်နိုင်စေရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်စဉ်းစားပေးရန် ၎င်းက တိုက်တွန်းခဲ့သည်။
“မြောက်ကိုရီးယားရဲ့ မြို့ကြီးတွေမှာ လေလွင့်ကလေးငယ်တွေအပါအဝင် အိမ်ခြေမဲ့လူအရေအတွက် မြင့်တက်နေပါတယ်။ ဆေးဝါးစျေးနှုန်းတွေလည်း တစ်ဟုန်ထိုး မြင့်တက်နေပါတယ်။ တစ်နေ့ကို ထမင်းနှစ်ကြိမ်သာ စားသုံးရတဲ့ မိသားစု၊ ပြောင်းဖူးကိုသာ စားသုံးရတဲ့မိသားစုအရေအတွက် များပြားလာသလို အချို့မိသားစုတွေက အစာရေစာ ငတ်မွတ်နေကြပါတယ်” ဟု သောမက်စ်က ဆိုသည်။
မြောက်ကိုရီးယားက တရုတ်နှင့် ထိစပ်နေသောနယ်စပ်ကို လွန်ခဲ့သည့်ငါးလကတည်းက ပိတ်ထားခဲ့ခြင်းကြောင့် အခြေအနေပိုမိုဆိုးရွားလာကြောင်း ၎င်းက ပြောကြားခဲ့ပြီး မြောက်ကိုရီးယားအပေါ်ချမှတ်ထားသော နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ၏ သက်ရောက်မှုကိုလည်း သတိပေးခဲ့သည်။
မတ်လနှင့် ဧပြီလအတွင်း တရုတ်နှင့် မြောက်ကိုရီးယားအကြား ကုန်သွယ်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းကြောင့် နိုင်ငံ့ဝင်ငွေ ဆုံးရှုံးရမှုနှင့်အတူ COVID-19 ကပ်ရောဂါသည် မြောက်ကိုရီးယားအတွက် ကြီးမားသော စီးပွားရေးအခက်အခဲကို ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သောမက်စ်က ထပ်လောင်းပြောကြားခဲ့သည်။
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း မြောက်ကိုရီးယား၌ အငတ်ဘေးကျရောက်မှုကြောင့် လူသုံးသန်းနီးပါးသေဆုံးခဲ့ဖွယ်ရှိသည်။ မြောက်ကိုရီးယားသည် COVID-19 အတည်ပြုလူနာအရေအတွက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ သတင်းပေးပို့ခြင်းမရှိသော နိုင်ငံများထဲတွင် အပါအဝင်ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုအခြေအနေမှာ ယခင်အတိုင်းပင် မျှော်လင့်အားရဖွယ်မရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း (လူ ၁၀ သန်းကျော်) သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ပြောခွင့်ရပုဂ္ဂိုလ် အဲလိဇဘတ်က ဂျီနီဗာတွင် ပြောကြားခဲ့သည်။
“အာဟာရချို့တဲ့မှု ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပွားနေတာက ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုကို ရေရှည်ထိခိုက်စေသလို ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်” ဟု အဲလိဇဘတ်က ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံ၌ အသက်ငါးနှစ်အောက် ကလေးငယ်ငါးဦးလျှင် တစ်ဦးမှာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုနှုန်း ရပ်တန့်နေကြောင်း၊ ယင်းအတိုင်းအတာရှိသည့် အာဟာရချို့တဲ့မှုနှုန်းသည် သောင်းနှင့်ချီသော ကလေးငယ်များ၏ တက်လမ်းကို အညွှန့်ချိုးနေသည့် အဓိပ္ပာယ်သက်ရောက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားစစ်သားများသည်လည်း စားနပ်ရိက္ခာပြတ်လပ်မှုကို ကြုံတွေ့ခံစားနေရသည်ဟူသော သတင်းပေးပို့မှုများရှိပြီး အကျဉ်းထောင်များ အထူးသဖြင့် လျှို့ဝှက်အကျဉ်းထောင်များအတွင်း အစားအစာ ပြတ်လပ်မှုအခြေအနေအပေါ် စိုးရိမ်မိသည်ဟု သောမက်စ်က ဖွင့်ဟခဲ့သည်။
အလုပ်ကြမ်း လုပ်ကိုင်ရမှု၊ စားနပ်ရိက္ခာ ပြတ်တောက်မှု၊ လူပြည့်ကျပ်မှု၊ ကူးစက်တတ်သော ရောဂါများကြောင့် အကျဉ်းသား သေဆုံးမှု မကြာခဏဖြစ်ပွားနေခြင်းကို ထောက်ပြလျက် မြောက်ကိုရီးယားအစိုးရအနေဖြင့် ခုခံအားနည်းသော အကျဉ်းသားများအား လွှတ်ပေးခြင်းကို ထည့်သွင်းစဉ်းစားပေးရန် သောမက်စ်က တိုက်တွန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
