Top News

ရက်ပိုင်းသာလိုတော့သည့် မြန်မာ-ဟောင်ကောင် ခြေစမ်းပွဲအတွက် မြန်မာအမျိုးသမီးအသင်း ဆက်တိုက် လေ့ကျင်နေ
24htopnews | October 16, 2024 5:12 PM CST

ယခု အောက်တိုဘ(၂၃)ရက် နှင့် (၂၆)ရက်တို့တွင် ခြေစမ်းပွဲ နှစ်ကျော့ယှဉ်ပြိုင်ကစားသွားမည့် မြန်မာ-ဟောင်ကောင် အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း ဆက်တိုက်လေ့ကျင်ပြင်ဆင်မှုများပြုလုပ်လျှက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

အဆိုပါ ပွဲစဉ်အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကာ သုဝဏ္ဏအားကစားကွင်းနှင့် ရန်ကုန်ယူနိုက်တက်၏ အိမ်ကွင်း YUSC တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အ ဖြစ် ဂျပန်လူမျိုး ယူကီတက်ဆုရို၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်သက်သက်ဝင်းနှင့် ဦးစထက်နိုင်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးစိန်‌အေးတို့က ကိုင်တွယ်လျက်ရှိပြီး လက်ရွေးစင်အသင်းများ အဆောင်တွင် ကစားသမား (၂၈) ဦးဖြင့် စခန်းသွင်း လေ့ကျင့်သွားမည်ဖြစ်သည်။

အလားတူ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ( AFF Women Championship 2024) ကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်းမှာလည်း ဆက်တိုက်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းကို MFF Women’s Futsal Invitation Cup 2024 ပြိုင်ပွဲမှ ကစားသမား (၂၆) ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နည်းပြချုပ် အဖြစ် ဦးဌေးမြင့်မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-MFF


READ NEXT
Cancel OK