Top News

နယ်မြေလုံခြုံရေးအခြေအနေကြောင့် ယာယီပိတ်ထားရသည့် လွိုင်ကော် ပညာရေးဒီဂရီကောလိပ် ပြန်ဖွင့်
24htopnews | October 16, 2024 5:12 PM CST

ကယားပြည်နယ်အတွင်း ဒေသတွင်း လုံခြုံရေးအခြေအနေများအရ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ လွိုင်ကော် ပညာရေးဒီဂရီကောလိပ်ကို ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာမှ သိရသည်။

ပြန်လည်ဖွင့်လှစ်ခဲ့သည့် လွိုင်ကော် ပညာရေးဒီဂရီကောလိပ် B.Ed ပညာရေးဘွဲ့ စာပေးစာယူ သင်တန်း(၄/၂၀၂၃) ဒုတိယနှစ် ဖွင့်ပွဲကို အောက်တိုဘာ (၁၅)ရက်က ပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်လည်း တက်ရောက်ခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရန် လုံခြုံရေး၊ သန့်ရှင်းရေး၊ နေထိုင်ရေး၊ စားသောက်ရေးနှင့် အခြားသောအုပ်ချုပ်မှုဆိုင်ရာကိစ္စများကို စီမံဆောင်ရွက်ပေးထားကာ ယခုပြန်လည် ဖွင့်လှစ်သည့် ကျောင်းသည် ပထမဦးဆုံးဖြစ်၍ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကျောင်းဖွင့်ရာသီအမီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ယနေ့ဖွင့်လှစ်သော လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကျောင်းသည် ပထမဆုံး ဖြစ်ပြီး လာမည့်နိုဝင်ဘာလတွင် နည်းပညာတက္ကသိုလ်(လွိုင်ကော်)၊ ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)နှင့် အစိုးရ စက်မှုလက်မှု သိပ္ပံ ကျောင်းများ ဖွင့်လှစ်သွားနိုင်ရေး လိုအပ်သည်များကို ပံ့ပိုးကူညီ စီမံထားပေးပြီးဖြစ်ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK