Top News

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ တာမွေမဲဆန္ဒနယ် ဆန္ဒမဲလာပေးသည့် ခရီးစဉ်တွင် တိုင်ကြားစာ ၂၆ စောင် လက်ခံရရှိခဲ့
24htopnews | October 17, 2024 11:12 AM CST

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ တာမွေမြို့နယ် မဲဆန္ဒနယ်အတွင်း လာရောက်မဲပေးမှု ခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ တိုင်ကြားစာ ၂၆ စောင် လက်ခံရရှိခဲ့ပြီး အဆိုပါ တိုင်ကြားစာများအနက် ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing MLM) စနစ်နှင့်ပတ်သက်၍ တိုင်ကြားမှု အများဆုံးဟု တိုင်ကြားစာများအား လက်ခံရယူနေသူက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် မဂ္ဂင်လမ်းရှိ အမှတ် (၃) မဲရုံတွင် မွန်းလွဲပိုင်း၌ ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲပေးခဲ့ပြီး ထိုသို့ မဲပေးမှုခရီးစဉ်တွင် တိုင်ကြားစာများကို လက်ခံရယူခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဖြစ်ပွားနေသော လယ်ယာမြေ အငြင်းပွားမှုများ၊ အဆောက်အအုံပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများ၊ MLM စနစ်နှင့်ပတ်သက်၍ နစ်နာခဲ့ရမှုများအပါအဝင် အမျိုးမျိုးသောနစ်နာမှုများ၊ အငြင်းပွားမှုများအား နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက်စာပေးပို့၍ တိုင်ကြားကြခြင်းဖြစ်ပြီး အမှတ် (၃) မဲရုံအနီးတွင် တိုင်ကြားစာလက်ခံဌာနကို ယာယီဖွင့်လှစ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်သတင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများက အဆိုပါ တိုင်ကြားစာများကို စိစစ်လက်ခံပေးခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆင့်ပွားစျေးကွက်ဖြန့် ချိရေးလုပ်ငန်း (Multi Level Marketing ) နှင့်စပ်လျဉ်း၍ တားမြစ်ခြင်း အမိန့်ကြော်ငြာစာကို စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ထားပြီး အဆိုပါအမိန့်ကြော်ငြာစာသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှစ၍ အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ တားမြစ်ထားသည့် ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing ) လုပ်ကိုင်ဆောင်ရွက်နေသည်ကို စုံစမ်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း ကြေညာထားသည်။

“လောလောဆယ် တိုင်ကြားစာက ၂၆ စောင်ရှိပါတယ်။ သမ္မတကြီးနဲ့အတူ ညွှန်ကြားရေးမှူးတစ်ဦး ပါလာပါမယ်။ ကျွန်တော်တို့က ဒီမှာလက်ခံပြီး ညွှန်ကြားရေးမှူးဆီကို ပို့ပေးမှာပါ။ ညွှန်ကြားရေးမှူးကနေ သမ္မတကြီးဆီကို ဆက်ပို့ပေးမှာပေါ့” ဟု တိုင်ကြားစာများအား လက်ခံသူ သတင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းများ ပရိဝုဏ်အတွင်း ဖွင့်လှစ်ထားခဲ့သော ဆိုင်ခန်းများ ပိတ်ပင်ခံရခြင်းနှင့် ပတ်သက်၍လည်း နစ်နာသူများက နိုင်ငံတော်သမ္မတထံ တိုင်ကြားစာပေးပို့ခဲ့ပြီး အဆိုပါ တိုင်ကြားစာများသည် စာအိတ်အရေအတွက် အားဖြင့် ၂၆ စောင်သာရှိသော်လည်း အချို့သော စာအိတ်များထဲတွင်မူ တိုင်ကြားစာ သုံးစောင်ခန့်ထည့်ထားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် အောက်တိုဘာလကုန်ပိုင်းက သွားရောက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး နှစ်ရက်တာ ခရီးစဉ်တွင် နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ တိုင်ကြားစာ ၈၁ စောင်ရရှိခဲ့ပြီး အဆိုပါ တိုင်ကြားစာအားလုံးကို နိုင်ငံတော်သမ္မတကိုယ်တိုင်ဖတ်သွားမည်ဖြစ်ကြောင်း သိရသည်။                       


READ NEXT
Cancel OK