Top News

မော်လမြိုင် တောင်ရိုးတန်းပေါ်ရှိ ကျိုက်သလ္လံစေတီတော် ရင်ပြင်တော်အနီး တောင်ဘက်စောင်းတန်း၌ မီးလောင်မှုဖြစ်ပွား
24htopnews | October 17, 2024 11:12 AM CST

မော်လမြိုင်မြို့ တောင်ရိုးတန်းပေါ်ရှိ ဆံတော်ရှင် ကျိုက်သလ္လံစေတီတော်၏ ရင်ပြင်တော်အနီး တောင်ဘက်စောင်းတန်း၌ နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စောင်းတန်းအနီးမှာ အမှိုက်ပုံဟောင်းရှိတယ်။ မီးရှို့တာလား။ ဆေးလိပ်မီးတို့ဘာတို့ ကျတာလားတော့ မသိဘူး။ အဲဒီကတစ်ဆင့် စောင်းတန်းကို ကူးသွားတာ။ နောက်ပြီး ရင်ပြင်တော်ရဲ့ အောက်မှာလည်း သစ်တွေ၊ ၀ါးတွေ ထားထားတယ်။ အဲဒါတွေကိုပါ ကူးပြီးလောင်သွားတာပါ” ဟု မီးလောင်မှုအား ဝိုင်းဝန်းငြိှမ်းသတ်ပေးသူ တစ်ဦးက ဆိုသည်။

“ကျိုက်သလ္လံစေတီတော် ဂေါပကအဖွဲ့ကနေပြီးတော့ တောင်ဘက်စောင်းတန်းမှာ မီးလောင်မှု ဖြစ်ပွားနေတယ်လို့ စခန်းကို ဖုန်းလှမ်းဆက်တဲ့ အခါမှာ စခန်းကနေ မီးသတ်ယာဉ်လေးစီးနဲ့ ထွက်လာပါတယ်။ စေတီတော်ရဲ့ အနောက်ဘက် စောင်းတန်းကနေ တက်လို့အဆင်မပြေတော့ မီးလောင်မှုဖြစ်နေတဲ့ တောင်ဘက်စောင်းတန်းကနေပဲ မီးသတ်သမားတွေ တက်ရပါတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ တောင်ဘက်စောင်းတန်းနဲ့ ရင်ပြင်တော်ဝန်းကျင်မှာ မီးခိုးတွေ ထွက်နေတာကို တွေ့ရပါတယ်။ မီးလောင်တဲ့နေရာက သိပ်တော့ များများစားစား မရှိပါဘူး။ စောင်းတန်းက အမိုးဒိုင်းတွေ၊ ချုပ်တန်းတွေလောက်ပဲ လောင်သွားတာပါ။ မီးလောင်တဲ့ဖြစ်စဉ်ကို သုံးသပ်ကြည့်တော့ ဘုရားဖူးတစ်ဦးဦးကနေ မီးပါတဲ့ ဆေးလိပ်ကို စွန့်ပစ်လိုက်တဲ့အတွက် အောက်မှာရှိနေတဲ့ မြက်ခြောက်ကတစ်ဆင့် စောင်းတန်းကို မီးကူးစက် လောင်သွားတယ်လို့ ယူဆရပါတယ်” ဟု မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးရဲအောင်က ပြောကြားသည်။

“စောင်းတန်းတစ်လျှောက် မီးသတ်ပိုက် ဆွဲရတဲ့အတွက် မီးသတ်ပိုက်အများကြီး သုံးလိုက်ရတာရယ်၊ စောင်းတန်းအမြင့်ကို ဆွဲရတဲ့အတွက် အချိန်နည်းနည်း ကြာသွားတာရယ်လောက်ပဲ ရှိပါတယ်။ ကျန်တာ အခက်အခဲတော့ မရှိပါဘူး” ဟု ဦးရဲအောင်က ဆက်လက် ပြောကြားသည်။

မီးလောင်မှုကြောင့် ကျိုက်သလ္လံစေတီတော် တောင်ဘက်စောင်းတန်း အခန်းသုံးခန်းခန့် မီးလောင်ပျက်စီး သွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်း၌ မီးပေါ့ဆမှုနှင့် အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဌေးက ပြောကြားသည်။

 


READ NEXT
Cancel OK