Top News

ပျဉ်းမနားမြို့အမှတ်(၂)မဲရုံတွင် အမျိုးသားလွှတ်တော်နေရာအတွက် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ် အရွက်ရေ ၅၀ မှားပေးမှုဖြစ်ပွား
24htopnews | October 17, 2024 4:12 PM CST

ပျဉ်းမနားမြို့အမှတ်(၂)မဲရုံတွင် အမျိုးသားလွှတ်တော်နေရာအတွက်ဆန္ဒမဲပြုရမည့် မဲလက်မှတ်နေရာတွင် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ် အရွက်ရေ ၅၀ မှားပေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ (နိုဝင်ဘာ ၈ ရက်) နံနက် ၁၀ နာရီကျော်ခန့်တွင် ပျဉ်းမနားမြို့၊ အ.ထ.က(၁)ရှိ မဲရုံအမှတ်(၂)တွင် အမျိုးသားလွှတ်တော်နေရာအတွက် ဆန္ဒမဲပြုရမည့်မဲလက်မှတ်နေရာတွင် ပြည်သူ့လွှတ်တော်ဆန္ဒမဲ လက်မှတ်တစ်အုပ်(အရွက်ရေငါးဆယ်) မှားယွင်းစွာ ပါဝင်ခဲ့ပြီး မဲဆန္ဒရှင် ပြည်သူများအနေဖြင့် လွဲမှားစွာ မဲပေးခဲ့ကြောင်း သိရသည်။

 "မဲပေးတော့ အမျိုးသားလွှတ်တော် နေရာမှာ ဦးသန်းစိုးအောင် ဖြစ်နေတယ်။ မဲရုံးမှူး ကိုခေါ်ပြီးတော့ အခုလိုဖြစ်နေတယ် ပြောတယ်။တိုက်ဆိုင်စစ်ကြည့်တော့ ပြည်သူ့လွှတ်တော်မှာက အစိမ်းလေး။ အမျိုးသား လွှတ်တော်မှာက အပြာ။အုပ်တစ်အုပ်ထဲလို့သိရတယ်။တစ်အုပ်မှာငါးဆယ်ပါတယ်။လက်ရှိမှာတော့ ထူးခြားဖြစ်စဉ်အနေနဲ့ လှမ်းအကြောင်းကြားပြီးတော့ အဆင်ပြေအောင်ဆောင်ရွက်ပေးမယ် ပြောတယ်" ဟု ဆန္ဒမဲပေးခဲ့သူ ကိုနိုင်ဝင်းကပြောသည်။

 မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မဟုတ်ဘဲ မှားယွင်းစွာ မဲပေးခဲ့ကြသည့်အပေါ် မဲရုံးမှူးအနေဖြင့် သက်ဆိုင်ရာ ကော်မရှင်အဆင့်ဆင့်သို့ တင်ပြသွားမည်ဖြစ်ပြီး ကော်မရှင်၏ အဆုံးအဖြတ်နှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အမှတ်(၂) မဲရုံမှူး ဦးအောင်ကျော်ဆန်းကဆိုသည်။

"ကျွန်တော်တို့စိစစ်ထားတယ်။တစ်အုပ် လွဲသွားတာပါ။အရွက်ရေငါးဆယ်ပါ။ စိစစ်ရင်းနဲ့ဖြစ်သွားတာ ဖြစ်တဲ့အတွက် သဘောရိုးပါပဲ။ အမျိုးသားလွှတ်တော် အခန်းနဲ့ပြည်သူ့လွှတ်တော် အခန်းခွဲထားတယ်။ အမျိုး သားလွှတ်တော်အခန်းထဲမှာ အဲဒီတစ်အုပ်က ရောပါသွားတာ။အဲဒါကို ဒုမဲရုံးမှူးက သေချာ မစစ်လိုက်တာပေါ့။ကျွန်တော်တို့က ရိုးရိုးသားသား ဖြစ်တာပါ။အဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ကော်မရှင်ကို အဆင့်ဆင့်တင်ပြပြီးတော့ ကော်မရှင်ရဲ့အဆုံးဖြတ်နဲ့သွားပါမယ်။ အခုအချိန်မှာ ကျွန်တော်တို့ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး" ဟု အမှတ်(၂) မဲရုံမှူး ဦးအောင်ကျော်ဆန်းက ပြောကြားသည်။

 အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်သွားမည်ကို မဆုံးဖြတ်ရသေးကြာင်း ပြည်ထောင်စုနယ်မြေ ကော်မရှင်အဖွဲ့ဝင် ဦးမိုးဇော်က ပြောကြားသည်။

 နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၃၄၆၀၃ ဦးရှိပြီး အဆိုပါမြို့နယ်မှ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ NUD ပါတီ၊ UBP ပါတီ၊ PPP ပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

 


READ NEXT
Cancel OK