Top News

ဒက္ခိဏသီရိမြို့နယ် မဲရုံအမှတ်(၁)တွင် မဲရုံသက်သေခံလက်မှတ် မိတ္တူဖြင့် မဲပေးမှုကြောင့် အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ကာ ပြေလည်မှုရရှိ
24htopnews | October 17, 2024 4:12 PM CST

နေပြည်တော်၊ ဒက္ခိဏသီရိမဲရုံအမှတ်(၁) တွင် မဲရုံသက်သေခံလက်မှတ် မိတ္တူဖြင့် မဲလာရောက်ပေးမှုကြောင့် အငြင်းပွားမှုဖြစ်ပေါ်ခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ကာ ပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။

ယနေ့(နိုဝင်ဘာ ၈ ရက်) နံနက် ၇ နာရီအချိန်က ဒက္ခိဏသီရိ မြို့နယ် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲ လာရောက်ပေးသည့် အမျိုးသမီတစ်ဦးသည် မဲရုံသက်သေခံလက်မှတ် မိတ္တူဖြင့် မဲရုံအတွင်းသို့ မဲလာရောက်ပေး သည့်အတွက် NLD မဲရုံကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့ပြီး အဆိုပါအမျိုးသမီးနောက်သို့ လိုက်ကာ မဲရုံးပြင်ပရှိ မဲလက်မှတ်မိတ္တူထုတ်ပေးသူများအား ဓာတ်ပုံရိုက်ခဲ့သည့်အတွက် ရုန်းရင်းဆန်ခတ်ဖြစ် ခဲ့ကြောင်းသိရသည်။

“ကောင်မလေးတစ်ယောက်က ထောက်ခံစာယူလာတယ်။ ကော်မရှင်ဥက္ကဋ္ဌက အတုလို့ပြောတယ်။ အဲကလေးမလေး နောက်ကလိုက်သွားတယ်။ မဲရုံအပြင်မှာထိုင်ပြီး မဲစလစ်တွေပေးနေတာ။ ကျွန်တော် အဲဒါကိုဓာတ်ပုံရိုက်တယ်။ပြည်ခိုင်ဖြိုး ပါတီစောင့်ကြည့်ကိုယ်စားလှယ်က လာဆွဲတယ်။ သူတို့အားလုံးက ဝိုင်းလာပြီးတော့ ကျွန်တော့်ကိုဝိုင်းဆဲကြတယ်။ မဲရုံသက်သေခံလက်မှတ်ကို မိတ္တူဆွဲထား တာ။ အဲလိုအတုတွေကို ဝေနေတာကျွန်တော်တွေ့ရတယ်” ဟု NLD ပါတီ မဲရုံကိုယ်စားလှယ် ဦးကျော်လွင်ကပြောသည်။

ယင်းသို့ မဲရုံသက်သေခံလက်မှတ်မိတ္တူဖြင့် မဲ လာရောက်ပေးခဲ့သော်လည်း မဲဆန္ဒမပြုမီ တွေ့ရှိခဲ့သည့်အတွက် မဲဆန္ဒပေးခဲ့ခြင်းမရှိကြောင်းသိရသည်။

အဆိုပါ မဲရုံသက်သေခံလက်မှတ်မှာ အတုမဟုတ်ဘဲ သက်သေခံလက်မှတ်ထုတ်ပေးချိန်တွင် လူဦးရေများသဖြင့် လူမရှာပေးနိုင်သည့်အတွက်  တံဆိပ်မရိုက်ဘဲ မရုံထဲဝင်သွားသောကြောင့် နားလည်မှုလွဲခြင်းဖြစ်ကြောင်း ဒက္ခိဏသီရိမြို့နယ် မဲရုံအမှတ်(၁၊၂၊၃)မှ မဲရုံးမှူး ဦးထွန်းပေါ်က ပြောကြားသည်။

“သက်သေခံလက်မှတ်တွေ ထုတ်ပေးတဲ့အချိန်မှာ လူဦးရေအရမ်းများတော့ လူဦးရေကို မရှာပေးနိုင်တဲ့အခါမှာ သေခံလက်မှတ်ထုတ်ပေးလိုက်တယ်။ တံဆိပ်ကတော့ရိုက်ပြီးသားပါ။ မိတ္တူဖြစ်သွားပေမယ့် နာမည်နဲ့ မဲစာရင်းက မဲစာရင်းထဲမှာပါတယ်။ တံဆိပ်ရိုက်ရမှာကို မရိုက်ဘဲနဲ့ မဲရုံထဲကိုဝင်သွားတာ။ ရုန်းရင်းဆန်ခတ်တော့ ဖြစ်သွားပေမယ့် နားလည်မှု လွဲသွားပြီးဖြစ်သွားတာပါ” ဒက္ခိဏသီရိမြို့နယ် မဲရုံအမှတ်(၁၊၂၊၃)မှ မဲရုံးမှူး ဦးထွန်းပေါ်ကပြောကြားသည်။

အဆိုပါမဲရုံသက်သေခံလက်မှတ် မိတ္တူဖြင့် မဲပေးသည့်ဖြစ်စဉ်ကြောင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် မဲရုံအမှတ်(၁)နေရာသို့ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းထွေး လာရောက်ကြည့်ရှုခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုပြုလုပ်ခဲ့သည့်အတွက် ပြေလည်ရရှိခဲ့ကြောင်း ပြောကြားသည်။

ဒက္ခိဏသီရိ မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၈၁၆၇ ဦးရှိပြီး NLD ပါတီမှ ဦးသန့်ဇင်ထွန်းနှင့် ပြည်ခိုင်ဖြိုးပါတီမှ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမြင့်လှိုင်တို့ ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်သည့် မဲဆန္ဒနယ် နယ်မြေများထဲတွင် ပါဝင်သည်။

 


READ NEXT
Cancel OK