Top News

တနင်္သာတိုင်းဒေသကြီးရှိ ကျေးရွာ ခုနစ်ရွာခန့်၌ ကြိုတင်မဲပေးရာတွင် ၎င်း၏အမည် မပါသည့် မဲလက်မှတ် အချို့ရှိကြောင်းနှင့် အာဏာရပါတီ၏ အမာခံများက ကျေးရွာကော်မရှင်အပေါ် လွှမ်းမိုးမှုများ ရှိနေဟု ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်း ဝေဖန်
24htopnews | October 17, 2024 4:12 PM CST

တနင်္သာတိုင်းဒေသကြီးရှိ ကျေးရွာခုနစ်ရွာခန့်၌ ကြိုတင်မဲပေးရာတွင် ၎င်း၏အမည်မပါသည့် မဲလက်မှတ်အချို့ကြောင်းနှင့် အာဏာရပါတီ၏အမာခံများက ကျေးရွာကော်မရှင်အပေါ်လွှမ်းမုုိးမှုများ ရှိနေဟု  တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းက နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် မီဒီယာများသို့ ZOOM စနစ်ဖြင့်ပြောကြားသည်။

ယင်းကဲ့သို့ပြောကြားရခြင်းမှာ ရွေးကောက်ပွဲရလဒ်မထွက်မီ ပြောကြားခြင်းဖြစ်ပြီး မဲရလဒ်ထွက်ပြီး ရှုံး၍ ပြောကြားသည်ဟု မထင်စေချင်သည့် အတွက် ပြည်သူများမဲပေးနေသည့်အချိန်အတွင်း ပြောကြားခြင်းဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“မနက်ဖြန်ကျမှ ပြောရင် မနိုင်လို့ ပြောတာမျိုးဖြစ်နေမယ်။ဒါကြောင့် မဲလက်မှတ်အတု(၎င်း၏အမည်မပါသည့်မဲလက်မှတ်)ထွက်တာ တကယ်အမှန်ဖြစ်ကြောင်းကို ပြောပြချင်တာပါ။အဲဒီလိုပြောတဲ့အခါမှာလည်း ဘယ်သူ့ရယ်လို့ ယိုမစွပ်ပါဘူး။ ဘယ်သူက လုပ်တာလည်းဆိုတာ အန်တီတို့လည်း မသိပါဘူး။အန်တီသိတာကတော့ ကျေးရွာကော်မရှင်တွေမှာ အာဏာရပါတီကို ထောက်ခံသူတွေများတယ်။ တချို့ပါတီအမာခံတွေက ကော်မရှင်တွေမှာ ဝင်ပါပြီးတော့ ကော်မရှင်တွေကို စီးထားတာတွေ တွေ့ရတယ်။ ဒါတွေ မဖြစ်သင့်တာပေါ့နော်။ အမှန်ကော်မရှင်က ပါတီနိုင်ငံ ရေးကင်းရှင်းရမယ်ဆိုတာ တစ်နိုင်ငံလုံး သိတယ်။ ဒါပေမဲ့ တနင်္သာရီမှာတော့ သိပုံမပေါ်ဘူးပေါ့။ ပါတီနိုင်ငံရေးမကင်းရှင်းတဲ့သူတွေ ပါတီအမာခံတွေပေါ့။သူတို့တွေက ကျေးရွာကော်မရှင်တွေမှာ စီးထားတယ်။လုပ်ချင်တိုင်း တစ်ဦး၊နှစ်ဦးရဲ့သဘောနဲ့ လုပ်နေတာတွေ့ရတယ်”ဟု ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

ထို့ပြင် ကြိုတင်မဲနှင့်ပတ်သက်ပြီး မဲရုံအများစုတွင် မဲလက်မှတ်မှားယွင်းထုတ်ပေးမှုများရှိပြီး မဲဆန္ဒပြည်သူများက တိုင်းဒေသကြီးလွှတ်တော် အတွက် ပေးရမည့် မဲလက်မှတ်အစား တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်ကို မဲပေးခဲ့မှု ၅၀ အထိ ရှိခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“အန်တီရဲ့မဲလက်မှတ်အတုပေါ်တဲ့ကိစ္စဆိုရင် အန်တီသက်သေရထားတယ်။မဲလက်မှတ်အတုကို ရုံထဲမှာ ဓာတ်ပုံရိုက်လို့ကတော့ မရဘူး။ ရုံထဲမှာ ဘယ်သူမှ ဘာပစ္စည်းမှ ယူသွားလို့မရဘူးဆိုတော့ မဲလက်မှတ်အတုကို ပေးခဲ့ရတဲ့သူတွေက မဲလက်မှတ်ကို ဓာတ်ပုံတော့ မရိုက်နိုင်ခဲ့ဘူး။ ဒါပေမဲ့သူတို့ကိုက ဘယ်လိုပေးခဲ့ရလဲဆိုတာကို သေသေချာချာပြန်ပြောတယ်။အမှန်က ဘယ်လက်မှတ်အပေါ်မှာမှ လက်မှတ်မထိုးရဘူး။ဆရာမပုံကို မတွေ့တာနဲ့ တခြားတံဆိပ်ကို ပေးခဲ့ရတာတွေပေါ့။သူတို့က သေသေချာချာမှတ်သားပြီးတော့ အန်တီကို လာပြောတယ်။အခုဆိုရင် သက်သေတွေလည်း ရနေပါပြီ။ အန်တီကတော့ မဲလက်မှတ်အတုပေါ်ပေါက်တဲ့ကိစ္စကို ကော်မရှင်ကို တည်ဆဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အဖြေရှာဖို့ လွဲအပ်ထားပါတယ်။ဒါပေမဲ့ မြို့နယ်ကော်မရှင်ကတော့ ထူးထူခြားခြားဆောင်ရွက်တာ မရှိသေးပါဘူး”ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

လက်ရှိတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က သက်သေပြရန် ပြောကြားထားသော်လည်း သက်သေများ၏ လုံခြုံရေးအတွက်စိုးရိမ်ခြင်း နှင့် တရားရုံးရောက်ပြီး ဖြေရှင်းမှသာ သက်သေများကို ခေါ်ဆောင်သွားလိုကြောင်း၊ ယင်းသို့ သက်သေမခေါ်ပြသေးသည့်အတွက်ကြောင့် မြို့နယ်ကော်မရှင်က အကြောင်းမပြန်ခြင်းဖြစ်နိုင်ကြောင်း၊သို့သော် မြို့နယ်ကော်မရှင်က မဲလက်မှတ်အတုမရှိကြောင်း မီဒီယာတစ်ခုသို့ ပြောကြားချက်ကို စိတ်မကောင်းဖြစ်ကြောင်းနှင့် မြေပြင်တွင် ယင်းလက်မှတ်အတုသည် အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ကြိုတင်မဲများစတင်ပေးရသည့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၆ ရက်အတွင်း တနင်္သာတိုင်းအတွင်းရှိ ကျေးရွာ ခုနစ်ရွာ ခန့်တွင် ဒေါက်တာညိုညိုသင်း၏နာမည်နှင့် တံဆိပ်မပါသည့် မဲလက်မှတ်များကို မဲပေးခဲ့ကြရသည်ဟု မဲဆန္ဒရှင်များက ပြောကြားကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“နောက်တစ်ခုထူးခြားတာက မဲရုံလက်မှတ်ဆိုတာက မဲရုံထဲမှာပဲ ရှိရမယ့် မဲလက်မှတ်က လူတစ်ယောက်ရဲ့ လွယ်အိတ်ထဲမှာ မဲလက်မှတ်စာအုပ်တွေ ထည့်ထားတာမျိုးတွေ တစ်အုပ်ပျောက်နေလို့ လိုက်ရှာတာမျိုးတွေ အဲဒါမျိုးတွေ့ရတယ်။ဒါကြောင့်မို့ မြို့ကြီးပြကြီးတွေမှာ မဲပေးဖို့ ပြင်ဆင်တဲ့ပုံနဲ့ ကျေးလက်တောရွာတွေမှာ မဲပေးဖို့ကို ရပ်ကျေးကော်မရှင်တက်နိုင်တဲ့အနေအထားက အရမ်းကို ကွာခြားတယ်။ အဲဒါကိုလည်း သိစေချင်တယ်။ အောက်ခြေမှာ အရင်းအမြစ်တွေ ငွေရေးကြေးရေးအရင်းအမြစ်၊ လူအရင်းအမြစ် အများကြီးလိုအပ်နေတယ်”ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

၎င်းအနေဖြင့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့တွင် မဲရုံ ၁၀ ရုံကျော်ကို လိုက်လံကြည့်ရှုမှုအရ ခြောက်ပေအကွာဖြင့် စနစ်တကျမဲပေးနိုင်သည့် မဲရုံ လေး ရုံခန့်သာ ရှိကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ဒေါက်တာညိုညိုသင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉)တွင် တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။

 

 

 


READ NEXT
Cancel OK