Top News

ဧရာဝတီတိုင်းသို့ မဲပေးရန် ပြန်လာသူများကို ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်း မပြုတော့ဘဲ Level 2 အဆင့် PPE များထုတ်ပေးကာ ဇာတိမြို့ရွာများသို့ သွားရောက်ခွင့်ပြု
24htopnews | October 17, 2024 4:13 PM CST

ဧရာဝတီတိုင်းသို့ မဲပေးရန် ပြန်လာသူများကို ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်း မပြုတော့ဘဲ Level 2 အဆင့် PPE များထုတ်ပေးကာ ဇာတိမြို့ရွာများသို့ သွားရောက်ခွင့်ပြုလိုက်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြန်လာရောက် မဲပေးကြသည့် ပြည်သူများအား ပန်တိုင်စစ်ဆေးရေးဂိတ်တွင် COVID-19 ရောဂါပိုးရှိ မရှိ Rapid Test Kit များဖြင့် စစ်ဆေးပြီးမှသာ ဇာတိနေရပ်များသို့ သွားရောက်မဲပေးခွင့်ပြုမည်ဟု ကြေညာထားသော်လည်း လူစုလူဝေးများ ဖြစ်ပေါ်ကာ ယနေ့ (နိုဝင်ဘာ ၈ ရက်) နံနက်ပိုင်း တစ်ချိန်တည်းတွင် အဆိုပါဂိတ်၌ ပြန်လာသူများကို ကျန်းမာရေး စစ်ဆေးမှုအရ COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၈ ဦးထိ ရှိလာပြီးနောက် ကျန်းမာရေးစစ်ဆေးမှုများ ဆက်လက် မပြုလုပ်တော့ဘဲ Level 2 အဆင့် PPE များ ထုတ်ပေးကာ ဇာတိမြို့ရွာများသို့ သွားရောက် မဲပေးခွင့်ကို ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

မဲပေးရန် နေရပ်ပြန်လာသူများအား မဲစာရင်းတွင် ပါဝင်ခြင်းရှိ မရှိ ခရိုင်အလိုက်ခွဲကာ စစ်ဆေးပြီးနောက် Rapid Test Kit များဖြင့် ကျန်းမာရေးစစ်ဆေးပြီး ရောဂါကင်းရှင်းမှသာ နေရပ်များသို့ ပြန်လည် မဲပေးစေမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြေညာထားသော်လည်း ယနေ့နံနက်ပိုင်းမှာပင် လူရာနှင့်ချီ၍ စုဝေးမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ နေရပ်ပြန် မဲပေးမည့်သူများအား ကျန်းမာရေးစစ်ဆေးရာတွင် အမျိုးသား ၁၉ ဦး အမျိုးသမီး ကိုးဦးမှာ COVID-19 ရောဂါပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် လူစုလူဝေးများဖြင့် ရောဂါကူးစက်ပျံ့ပွားမှု ပိုမိုမြင့်တက်လာနိုင်သဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ယာယီရပ်နားကာ မဲပြန်ပေးမည့်သူများအား Level 2 အဆင့် PPE များဝတ်ဆင်စေ၍ မိမိတို့ ဇာတိမြို့များသို့ နေ့ချင်းပြန် မဲသွားပေးရန် စေလွှတ်နေလျက်ရှိကြောင်း သိရသည်။

“ဟုတ်တယ် ၊ လူများတော့ ရောဂါကူးစက်မှာ ပိုများမှာဆိုးလို့ဆိုပြီး ဆက်မစစ်တော့ဘဲ PPE တွေပဲ ဝတ်ပေးပြီး ပြန်လွှတ်နေတာ” ဟု ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးကပြောသည်။

နေရပ်လိပ်စာ သေချာစွာ စိစစ်၍ စနစ်တကျ စီစဉ်ထားသည့် မော်တော်ယာဉ်များဖြင့် ပြန်လည်စေလွှတ်ခြင်း မဟုတ်ဘဲ မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရန်ဟုဆိုကာ ရောဂါပိုး စစ်ဆေးခြင်းမရှိဘဲ နေရပ်သို့ ပြန်လည်စေလွှတ်ခြင်းကြောင့် ဒေသအတွင်း ရောဂါပိုးကူးစက်ပျံ့ပွားမှု ပိုမိုမြင့်တက်လာမည်ကိုလည်း ဒေသခံ ပရဟိတအဖွဲ့အချို့က စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။


READ NEXT
Cancel OK