Top News

ချင်းပြည်နယ် မတူပီမြို့နယ် မဲဆန္ဒနယ်ရှိ ရွာ ရှစ်ရွာတွင် ကနဦး မဲရေတွက်မှုအရ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD) ပါတီက အသာရနေ
24htopnews | October 17, 2024 4:13 PM CST

ချင်းပြည်နယ် မတူပီမြို့နယ် မဲဆန္ဒနယ်ရှိ ရွာ ရှစ်ရွာတွင် ကနဦး မဲရေတွက်မှုအရ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD) ပါတီက အသာရနေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိအချိန်တွင် မတူပီမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်များ၌ မဲပေးနေကြဆဲဖြစ်ပြီး ရွာ ရှစ်ရွာတွင် မွန်းလွဲပိုင်းအထိ ကနဦး မဲရေတွက်မှုအရ CNLD ပါတီ အသာရနေသည်ဟု ယင်းပါတီ တာဝန်ရှိသူ၏ လူမှုကွန်ရက်တွင် ဖော်ပြထားချက်အရ သိရသည်။

CNLD အနေဖြင့် အဆိုပါ ရှစ်ရွာတွင် ကနဦး မဲရေတွက်မှု အနေဖြင့် အသာရနေခြင်းဖြစ်ပြီး ပြည်နယ်လွှတ်တော်အတွက် ရေတွက်မှုတွင် CNLD က ၂၄၈ မဲ၊ NLD က ၈၉ မဲ၊ အမျိုးသား လွှတ်တော်အတွက် ရေတွက်မှုတွင် CNLD က ၃၂၇ မဲ၊ NLD က ၈၃ မဲနှင့် ပြည်သူ့လွှတ်တော်အတွက် မဲရေတွက်မှုတွင် CNLD က ၂၆၃ မဲ၊ NLD က ၁၂၄ မဲဖြင့် လွှတ်တော် သုံးရပ်စလုံးတွင် အသာရထားသည်ဟု ကနဦး သိရသည်။

ထို့ပြင် မွန်းလွဲ ၂ နာရီခန့်က CNLD ပါတီ၏ အတွင်းရေးမှူးဖြစ်သည့် ဆလိုင်းဂျင်မီရီဇာဘွေးကလည်း ကနဦး မဲရေတွက်မှုအရ မတူပီမြို့နယ်အတွင်းရှိ ရွာ ၁၁ ရွာတွင် အသာရထားကြောင်း Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။

သို့သောလည်း မတူပီမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၀၀ ကျော်ရှိသည့်အတွက် မဲရုံများပိတ်ပြီးနောက် ရေတွက်မည့် မဲရလဒ်များကိုမူ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

မတူပီမြို့နယ်တွင် CNLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဒေါ်လင်းလင်းထွန်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) တွင် ဦးအောင်လျန်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) တွင် ဦးငိုင်ဆာ့ခ်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) တွင် ဦးဇိုပါမောင်တို့ ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲ၌ မတူပီမဲဆန္ဒနယ်တွင် NLD၊ ပြည်ခိုင်ဖြိုးနှင့် ချင်းပါတီ တစ်ခုဖြစ်သည့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ် (လက်ရှိပါတီဖျက်သိမ်း) တို့သည် မဲရလဒ် ကွာဟချက် အနည်းငယ်ဖြင့် NLD ပါတီက အနိုင်ရရှိထားသည့် မြို့နယ်ဖြစ်သည်။


READ NEXT
Cancel OK