Top News

ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်ကြီးမှ ရွှေမှိုက်ထုတ်လုပ်ခြင်း လုပ်ငန်းအတွက် ကျပ်သိန်း ၈၀၀ ကျော်ဖြင့် တင်ဒါပေးခဲ့ပြီး ရွှေချလုပ်ငန်းအတွက်ပါ တင်ဒါခေါ်ယူထား
24htopnews | October 17, 2024 7:12 PM CST

ပုသိမ်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးဖြစ်သည့် ရွှေမုဋ္ဌောစေတီတော်ကြီးမှာ ရွှေသင်္ကန်းများ လွင့်ပြယ်စ ပြုလာပြီဖြစ်သဖြင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရေးအတွက် ရွှေမှိုက်ထုတ်လုပ်နိုင်ရန် လေလံခေါ်ယူခဲ့ရာတွင် ကျပ် ၈၀၁ သိန်းကိုးသောင်းဖြင့် တင်ဒါချထားပေးခဲ့ပြီး ရွှေသင်္ကန်းဆက်လက် ကပ်လှူနိုင်ရေးအတွက် ရွှေချတင်ဒါကိုပါ ထပ်မံခေါ်ယူထားကြောင်း သိရသည်။

အသောကမင်းကြီး၊ အလောင်းစည်သူမင်းကြီးနှင့် ဘုရင်သမုဒ္ဒဃောသနှင့် မိဖုရား ဥမ္မာဒန္တီတို့ မင်းသုံးဆက်တိုင်တိုင် တည်ထားခဲ့သည်ဟု သမိုင်းရှိခဲ့သည့် ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဋ္ဌော စေတီတော်ကြီးမှာယခင် ငါးနှစ်က ကပ်လှူထားသည့် ရွှေသင်္ကန်းများ လွင့်ပြယ်စပြုလာပြီဖြစ်သဖြင့် လုံးတော်ပြည့် ရွှေသင်္ကန်းများ ပြန်လည်ကပ်လှူသွားနိုင်ရန် ပြင်ဆင်နေကြောင်း၊ ရွှေသင်္ကန်းကပ်လှူနိုင် ရေးအတွက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူနိုင်ရေးအတွက် အလှူငွေများကို စတင်လက်ခံနေပြီး စေတီတော်ကြီးတွင် ယခင်က ကပ်လှူထားသော ရွှေသင်္ကန်းအဟောင်းများ မှ ရွှေမှိုက်များထုတ်ယူနိုင်ရန် လေလံခေါ်ယူ ခဲ့ပြီး ခေတ်စနစ်နှင့်အညီ ရွှေချလုပ်ငန်း အ တွက်ပါ တင်ဒါခေါ်ယူခြင်းဖြစ်သည်။

“ဦးတို့ရဲ့ လုပ်ငန်းစဉ်တွေမှာတော့ ပထမဆုံး ရွှေမှိုက်လေလံပေါ့။ ရွှေမှိုက်လေလံကို နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီမှာ လေလံပွဲ ကျင်းပတဲ့ ဒေသအသီးသီးပေါ့။ အထက်ဘက်က များပါတယ်။ မန္တလေးတို့၊ မုံရွာတို့၊ ပခုက္ကူတို့၊ ရန်ကုန်တို့က လာပြီးတော့ လေလံကိုဆွဲဝယ်ကြတဲ့ လေလံရှင်တွေက နောက်ဆုံးလေလံ သဘောတရားအရ နောက်ဆုံးပေးနိုင်တဲ့လူသည် စေတီတော်ကြီးအတွက် အလှူငွေက ရွှေမှိုက်လေလံ အလှူတော်ငွေက ၈၀၁ သိန်း ကိုးသောင်းတိတိနဲ့ လေလံအောင်သွားတယ်၊ လေလံအောင်ပြီးနောက် မကြာခင်မှာ ဒီငြမ်းကြီးကလည်း ပြီးမှာဖြစ်တဲ့အတွက် ငြမ်းကာပြီး လို့ရှိရင် စာချုပ်တွေချုပ်ပြီးတော့ အောင်မြင် သွားတဲ့ လေလံရှင်နဲ့ ရွှေမှိုက်ထုတ်မှာပါ။ ဇန်နဝါရီ ၁ရက်ထဲက လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်ဖို့ ဦးတို့ကအစီအစဉ်တွေ လုပ်ပြီး တော့ ရင်ပြင်တော်ပေါ်မှာအလှူခံဌာနကို ဖွင့်ပြီးတော့ အလှူခံတာ၊ အခုထိလုံးတော် ပြည့်ရွှေသင်္ကန်းအတွက် သိန်း ၈၅ဝကျော် ကျော်တော့ရနေပါပြီ။ မကြာခင်မှာပဲ ရွှေချတင်ဒါ လုပ်ငန်းကိုလည်း ဆက်ပြီးတော့ ကျင်းပပါမယ်။  အရင်တုန်း ကတော့ ရွှေချတင်ဒါကို မခေါ်ဘူး။ ဒီမှာ ပညာရှင်ရှိတယ်။ နှစ်ပေါင်း ၄၀ ကျော်လောက်ကို ဒီဘုရားကြီးမှာ ဦးကြည် မောင်ဆိုတဲ့ ပညာရှင်ကြီးက သူရှိတယ်ဆိုတော့ မခေါ်ခဲ့ဘူး။ နောက်မှ အရံစေတီတော်တွေ ရွှေချတော့မှ ခေတ်စနစ်နဲ့အညီ စပြီးတော့ တင်ဒါခေါ်တာပါ” ဟု ရွှေမုဋ္ဌောစေတီတော်ကြီး ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးလှအောင်က ပြောကြားသည်။

 


READ NEXT
Cancel OK