ဆိုရှယ်မီဒီယာစောင့်ကြည့်ထိန်းသိမ်းကျောင်းမှုပြုလုပ်နိုင်ရေးအဖွဲ့ (Social Media Monitoring Team) ၏ လုပ်ငန်းများအတွက် လိုအပ်သည့်နည်းပညာနှင့် စက်ပစ္စည်းများဝယ်ယူရန် နိုင်ငံတော်သမ္မတရုံး ၏ အထူးရန်ပုံငွေမှ ငွေကျပ် ၆၄၂၆ သန်း သုံးစွဲခြင်းသည် အရေးပေါ်ရန်ပုံငွေသုံးစွဲမှု မူဝါဒနှင့် ကိုက်ညီကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။
နေပြည်တော်၌ နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၏ နိုင်ငံတော်သမ္မတရုံး၏ အထူးရန်ပုံငွေမှ ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအတွက် ငွေ ကျပ်သန်းပေါင်း ၆၄၂၆ သန်း သုံးစွဲခြင်းသည် မည်သူများက မည်သည့်ဥပဒေအရ မည်သည့် အတိုင်းအတာအထိ မည်သို့သော အကြောင်းအရာများ စောင့်ကြည့်၍ မည်သို့ အပြစ်ပေး အရေးယူမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေများနှင့် ညီညွှတ်မှု ရှိ မရှိနှင့် နိုင်ငံတော်သမ္မတရုံး၏ အထူးရန်ပုံငွေ သုံးစွဲ မှု မူဝါဒနှင့် ကိုက်ညီခြင်း ရှိ မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယဝန်ကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတော်သမ္မတရုံးအနေနဲ့ Social Media Monitoring Team ရဲ့ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်တဲ့ နည်းပညာနဲ့ စက်ပစ္စည်းတွေ ဝယ်ယူရန် စုစုပေါင်း ကုန်ကျငွေ ကျပ် ၆၄၂၆ သန်းမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့် မှန်းချေငွေစာရင်း လျာထားချက်မှာ မပါဝင်သော်လည်း နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို လျင်မြန်စွာ အထောက် အကူပြုပေးနိုင်ရေးတို့အတွက် မသုံးစွဲရင် မဖြစ်တဲ့ အရေးပေါ်ကိစ္စရပ်ဖြစ်နေတဲ့အတွက် ကျခံသုံးစွဲခွင့်ပြုရန်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ပုဒ်မခွဲ(ခ)နဲ့ (ဂ)တို့အရ နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြပြီး သဘောတူခွင့်ပြုချက်ရယူ ပြီး ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဆိုရှယ်မီဒီယာ စောင့် ကြည့်ထိန်းကျောင်းမှု ပြုလုပ်နိုင်ရေးအဖွဲ့ Social Media Monitoring Team ကို ဖွဲ့စည်းခြင်း၊ စောင့်ကြည့်ထိန်းကျောင်းခြင်းတို့မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေတွေနဲ့ညီညွတ်ပြီး လိုအပ်တဲ့ စက်ပစ္စည်းတွေ ဝယ်ယူခဲ့ခြင်းမှာလည်း အရေးပေါ် ရန်ပုံငွေသုံးစွဲမှုနဲ့ ကိုက်ညီပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် Facebook နှင့် အခြား ဆိုရှယ်မီဒီယာများကို ဥပဒေနှင့်အညီ စောင့်ကြည့်ထိန်းကျောင်းမှု ပြုလုပ်နိုင်ရေးအတွက် Social Media Monitoring Team ကို ဖွဲ့စည်းခွင့်ပြုရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ၂၀၁၇ ခုနှစ် သြဂုတ် ၂၂ ရက် တွင်တင်ပြခဲ့ရာ သြဂုတ် ၂၃ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ် ၁၆/၂၀၁၇ ဖြင့် သဘောတူခွင့် ပြုခဲ့ပြီးနောက် နိုင်ငံတော်သမ္မတရုံးက Social Media Monitoring Team ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ဖွဲ့ စည်းပေးခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၁၉ တွင် ပြည်ထောင်စုအစိုးရ သည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ထိန်းသိမ်းစောင့်ရှောက်သည်ဟူ၍လည်းကောင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၅ တွင် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော မည်သည့်သတင်းအချက်အလက်နှင့် ဆက်သွယ်မှုများကိုမဆို ရရှိနိုင်ရေးအတွက် နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို မထိခိုက်စေဘဲ ပြည်ထောင်စုအစိုးရအဖွဲ့က သက်ဆိုင်ရာအဖွဲ့ အစည်းသို့ လိုအပ်သလို ညွှန်ကြားဆောင် ရွက်နိုင်သည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသဖြင့် Social Media Monitoring Team ကို ဖွဲ့စည်းခြင်းသည် တည်ဆဲဥပဒေများနှင့် ညီညွှတ်မှုရှိကြောင်းနှင့် Social Media Monitoring Team သည် Facebook, Messenger, Twiter အစရှိသည့် Open Source ဟုခေါ်သည့် အများသူငါ ဝင်ရောက်ကြည့်ရှုနိုင်သည့် လူမှုကွန်ရက်များမှတစ်ဆင့် လူငယ်လူရွယ်များ အကျင့်စာရိတ္တပျက်ပြားစေမည့် (သို့) ရပ်ရွာတည် ငြိမ်အေးချမ်းမှု ပျက်ပြားစေမည့် (သို့) နိုင်ငံတော် လုံခြုံရေး (သို့) တရားဥပဒေစိုးမိုးရေးကို ထိပါးစေမည့်ပြုမှုဆောင်ရွက်ချက်များကို စောင့်ကြည့်ဖော်ထုတ်၍ ပြည်သူလူထုအား ပညာပေးခြင်း၊ သတိပေးနှိုးဆော်ခြင်းနှင့် ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့် ပူးပေါင်းညှိနှိုင်းခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပြီး တည်ဆဲဥပဒေများ နှင့် ငြိစွန်းသည့်ကိစ္စရပ်များအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတို့မှ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
