Top News

ချောင်းဆုံမြို့နယ်အတွင်းရှိ ဝဲကလိအတန်းလိုက်ပိုက်ချက်မှ ဖမ်းမိသည့် ကသမြင်ငါးကို ကျပ် ၅၆၅ သိန်းဖြင့် ရောင်းချ
24htopnews | October 17, 2024 7:12 PM CST

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ဝဲကလိအတန်းလိုက်ပိုက်ချက်မှ ဖမ်းမိသည့် ကသမြင်ငါးကိုကျပ် ၅၆၅ သိန်းဖြင့် ရောင်းချကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန အနေဖြင့် ငါး၊ ပုစွန် ထုတ်လုပ်မှုနှုန်း မြင့်မားစေရေးအတွက် ဒေသအတွင်း အတန်းလိုက် တင်ဒါပိုက်ချက်များ ချထားပေးလျက်ရှိရာ ၂၀၁၈-၂၀၁၉ ခုနှစ် လုပ်ငန်းရာသီတွင် ချောင်းဆုံမြို့နယ်အတွင်း ငါးဖမ်းဆီးသူ လုပ်ငန်းရှင်များသို့ တင်ဒါပိုက်ချက် ၂၅ ချက်အား လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တင်ဒါပိုက်ချက်များမှ ၂၀၁၈-၂၀၁၉ ခုနှစ်၊ လုပ်ငန်းရာသီတွင် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ဝဲကလိအတန်းလိုက် တင်ဒါပိုက်ချက် အမှတ် (၁) အား တင်ဒါဆွဲ ဝယ်ယူရရှိသူ ဦးမြင့်လွင်မှ နိုဝင်ဘာ ၁၁ ရက်  မွန်းလွဲ ၂ နာရီခန့်တွင် တန်ဖိုးမြင့် ကသမျှင်ငါးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသော ကသမြင်မှာ အစ်မဖြစ်ပြီး အလျား ခြောက်ပေ၊ အနံ (၁ဒသမ ၁) ပေနှင့် အလေးချိန် (၃၅ ဒသမ ၅) ပိဿာရှိကာ စျေးကွက်အတွင်း ရောင်းချခဲ့ရာ ကျပ် ၅၆၅ သိန်းရရှိခဲ့ကြောင်း သိရသည်။

ငါး၏ အဆီဖောင်းမှာ စျေးနှုန်းမြင့်သဖြင့် ကြိုက်စျေးပေးဝယ်ယူ သွားခဲ့ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုပြည်နယ်မှူး ဦးစိုးမင်းက ပြောကြားသည်။

“ငါးဖမ်းမိတဲ့ နေရာက ငါးလုပ်ငန်း ဦးစီးဌာနရဲ့ တင်ဒါပိုက်ချက်ပေးထားတဲ့ လုပ်ကွက်မှာဖြစ်ပေမဲ့ ငါးရောင်းချရငွေကို တင်ဒါအောင်တဲ့ ငါးလုပ်ငန်းရှင်ကပဲ ခံစားခွင့်ရမှာဖြစ်ပါတယ်။ ဌာနအနေနဲ့ ငါးဖမ်းဆီးရမိမှုကို မှတ်တမ်းတင်တာလောက်ပဲ ဆောင်ရွက်ရပါတယ်” ဟု ဦးစိုးမင်းက ပြောကြားသည်။

ကသမြင် ငါးဖမ်းဆီးရမိမှု အနေဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် ကျိုက္ခမီရေလယ်ဘုရား အနောက်၊ အမှတ် (၂) ဗော်ယာ အနီး၊ ကမ်းခြေမှ သုံးမိုင်ခန့်အကွာတွင် အ လေးချိန် ၂၁ ပိဿာရှိ ကသမြင် ငါးတစ် ကောင်၊ ၂၀၁၆ ခုနှစ် ဇွန်တွင် ကျိုက္ခမီမြို့ ကမ်းခြေမှ သုံးမိုင်ခန့်အကွာ အမှတ် (၂)  ဗော်ယာနှင့် အမှတ် (၃) ဗော်ယာ အကြားတွင် အလေးချိန် (၃၆ဒသမ ၀၀) ပိဿာရှိ ကသမြင် ငါးတစ်ကောင်နှင့် ယခုနှစ် ဇန်န ၀ါရီတွင် ကျိုက္ခမီမြို့ ကမ်းခြေမှ (၁၀) မိုင်ခန့်အကွာ ကျောက်ဆောင်အနီးတွင် အလေးချိန် (၁၆ဒသမ ၅၀) ပိဿာရှိ ကသမြင်ငါး တစ်ကောင်တို့အား ဖမ်းဆီးရမိခဲ့ဖူးကြောင်း သိရသည်။

ကသမြင်ငါးသည် ရွှေရောင်နှင့် ငွေရောင် နှစ်မျိုးရှိကြောင်း၊ ယင်းငါးများမှာ ရေချိုနှင့် ရေငံပေါင်းစပ်သည့် မြစ်ချောင်းများအတွင်း နေထိုင်ကျက်စားလေ့ရှိပြီး အရွယ်အစားပေါ် မူတည်၍ စျေးနှုန်းမြင့်ကာ ငါး၏ အဆီဖောင်းကို တရုတ်ရိုးရာ ဆေးဝါးဖော်စပ်သည့်နေရာ၌ အသုံးပြုကြောင်း သိရသည်။                    

  


READ NEXT
Cancel OK