Top News

ချင်းပြည်နယ်၌ ဟိုတယ်လုပ်ငန်း လုပ်ကိုင်လိုသူများ အစိုးရပိုင်မြေပေါ်၌ လုပ်ငန်းရှင် အမည်ပေါက်ဖြင့် မြေပိုင်ဆိုင်မှုပေးပြီး လုပ်ကိုင်ခွင့်ပြုရန် ပြည်နယ်အစိုးရအဖွဲ့ စီစဉ်
24htopnews | October 17, 2024 7:12 PM CST

ချင်းပြည်နယ်အတွင်း ဟိုတယ်တည် ဆောက်လုပ်ကိုင်လိုသူများ အနေဖြင့် မြေယာငှားရမ်းလုပ်ကိုင်ရန် အခက်အခဲများစွာ ရှိနေသဖြင့် အစိုးရပိုင်မြေပေါ်၌ လုပ်ငန်းရှင် အမည်ပေါက်ဖြင့် မြေယာပိုင်ဆိုင်မှုပေးကာ လုပ်ကိုင်ခွင့်ပြုရန် ချင်းပြည်နယ် အစိုးရအဖွဲ့က စီစဉ်လျက်ရှိကြောင်း နိုဝင်ဘာ၂၁ ရက်  က ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်း ဟိုတယ်၌ ကျင်းပသည့် ချင်းပြည်နယ်ရှိ ဒေသန္တရ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ လေ့လာမှု အစီရင်ခံစာ ထုတ်ပြန်ပွဲမှ သိရသည်။

“ဟိုတယ်ကဏ္ဍမှာ လျှောက်ထားတာက ၁၂ ခု၊ ၁၃ ခုလောက်ရှိတယ်။ အဲဒီဟိုတယ်တွေက အခုထိတစ်ခုမှ ခွင့်မပြုနိုင်သေးဘူး။ ဘာကြောင့်လဲဆိုရင် မြေယာကိစ္စတွေကြောင့် ဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့တွေက အစတုန်းကတော့ မြေကိုငှားမယ်ပေါ့။ ငှားရင် ရင်းနှီးမြှုပ်နှံသူဘက်က စဉ်းစားရင် နှစ် ၅၀ တောင် အရင်းကျေမှာ မဟုတ်ဘူး။ ငှားရင် BOT နဲ့ဆိုတော့ ပြန်ပေးရမှာလေ။ ဆိုတော့ အဲဒါက တော်တော်နဲ့ အဆင်မပြေနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့က အဲဒီကိစ္စကို ပြုပြင်ပြောင်းလဲလိုက်တယ်။ ချင်းပြည်နယ် အစိုးရအဖွဲ့က ကာယကံရှင် အမည်ပေါက်နဲ့ပေးဖို့ ကြိုးစားနေပါတယ်။ ပေးလည်းပေးမှာပါ။ ပေးမှလည်း အဆင်ပြေမှာလေ” ဟု ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

အစိုးရသစ် တက်လာပြီးနောက် ချင်းပြည်နယ်သို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာနိုင်ရေးအတွက် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်နိုင်ရေးဆိုင်ရာ မူဘောင် (မူကြမ်း) ကို ရေးဆွဲခဲ့ကြောင်း၊ ချင်းပြည်နယ်သို့ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများကို ကျယ်ကျယ်ပြန့်ပြန့် စတင်ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

“ကာယကံရှင် အမည်ပေါက်ရပြီးတော့ ဒီအတိုင်းထားမှာတော့ မဟုတ်ဘူးဗျ။ လုပ်ကိုင်ခွင့် လျှောက်ထားပြီးရင် သူ့ကို စောင့်ကြည့်မယ် ။ သူတို့ဆောက်ကို ဆောက်ရမယ်။ မဆောက်ဘူးဆိုရင်တော့ ပြန်သိမ်းမယ်။ ဒီ ဟာကိုတော့ စည်းကမ်းချက်တော့ သတ်မှတ် ရမယ်။ အဲဒီတော့ အမည်ပေါက်ပေးဖို့ရှိပါ တယ်။ လုပ်ငန်းရှင်များ ဆောင်ရွက်မယ်ဆို ရင်လည်း ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ကာယကံရှင်အမည်ပေါက်ရမှာဖြစ်ပါတယ်။ ဟိုတယ်ကဏ္ဍ ဆောင်ရွက်မယ်ဆိုရင်ပေါ့လေ” ဟု ဒေါက်တာမင်းဇော်ဦးက ဆက်လက်ပြောကြားသည်။

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ချင်းပြည်နယ်အစိုးရမှ ချင်းပြည်နယ်အတွင်း ဟိုတယ်တည်ဆောက် လုပ်ကိုင်လိုသူများအား ဖိတ်ခေါ်ခဲ့ပြီး ပလက်ဝ၊ မတူပီ၊ ဟားခါး၊ တီးတိန်နှင့် ဖလမ်းမြို့နယ်များတွင် ဟိုတယ် ၁၂ လုံး ဆောက်လုပ်ရန် လုပ်ငန်းရှင် ၁၂ ဦးအား ရွေးချယ်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် အချို့သော လုပ်ငန်းရှင်များမှ ၎င်းတို့၏ သဘောထားဆန္ဒဖြင့် ရုပ်သိမ်းခြင်းနှင့် အချို့သော လုပ်ငန်းရှင်များအား ပြည်နယ်အစိုးရမှ  ကန့်သတ်မှု ပြုလုပ်လိုက်ခြင်းကြောင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ဟိုတယ်လုပ်ငန်းရှင် ရှစ်ဦးသာကျန်ရှိပြီး ၎င်းတို့မှာ ပလက်ဝမြို့နယ်တွင် တစ်ဦး၊ ဟားခါးမြို့နယ်တွင် သုံးဦး၊ ဖလမ်းမြို့တွင ်နှစ်ဦး၊ တီးတိန်မြို့တွင် နှစ်ဦးဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစားဌာန၏ ညွှန်ကြားချက်အရ ဟိုတယ်ဆောက်လုပ်လိုသူများ အနေဖြင့် မိမိတို့အပိုင် မြေဂရမ်မရှိဘဲ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ဟိုတယ်ဆောက်လုပ်ခွင့် ကြိုတင်ခွင့်ပြုချက် ရရှိရန် မဖြစ်နိုင်ကြောင်း ချင်းပြည်နယ်ရှိဒေသန္တရ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။                           

 


READ NEXT
Cancel OK