Top News

၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ မြို့နယ် ၁၄ မြို့နယ်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူဦးရေ ၄၆၀၀၀ ကျော် နေရပ်စွန့်ခွာနေရဟုဆို
24htopnews | October 17, 2024 8:12 PM CST

၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ မြို့နယ် ၁၄ မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူဦးရေ ၄၆၀၀၀ ကျော် နေရပ်စွန့်ခွာနေရကြောင်း United Nation OCHA Myanmar က ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ၂၀၁၁ တွင် ပြန်လည်အစပြုပြီး ဆက်လက်ဖြစ်ပေါ်လျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စခန်းများနှင့် အခြေချရာ ကျေးရွာများတွင် နေထိုင်နေရသော နေရပ်စွန့်ခွာရသူ လူဦးရေ ၈၈၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ကာလတို နေရပ်စွန့်ခွာရမှုများလည်း အများအပြား ဖြစ်ပွားလျက်ရှိကြောင်း၊ ဇန်နဝါရီ ၂၀၁၈ နှင့် နိုဝင်ဘာ ၂၀၁၉ ကြားတွင် မြို့နယ် ၁၄ ခုအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် လူဦးရေ ၄၆၀၀၀ ကျော် နေရပ်စွန့်ခွာရလျက်ရှိကြောင်း၊ များသောအားဖြင့် ဤနေရပ်စွန့်ခွာရမှုများမှာ ခေတ္တသာဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ် သို့မဟုတ် လအနည်းငယ် အတွင်းမှာပင် နေရပ်ပြန်နိုင်ကြကြောင်း၊ လုံခြုံမှု အားနည်းနေဆဲအခြေအနေများနှင့် ဖြစ်ပေါ်လာသော သွားလာခွင့်ကန့်သတ်ချက်များကြောင့် ၎င်းနယ်မြေရှိ လိုအပ်နေသော နေရပ်စွန့်ခွာသူများအား လူသားချင်းစာနာမှုဆိုင်ရာ အကာအကွယ်နှင့် အကူအညီများပေးရန် နှောင့်နှေးကြန့်ကြာလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပဋိပက္ခများကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် ပြည်တွင်းနေရပ်စွန့်ခွာကြသူများရှိကြောင်း၊ ထို့အတွက် ယာယီခိုလှုံရာစခန်းများ ဖွင့်လှစ်ရကြောင်း၊ အဆိုပါစခန်းများသည် ကာလကြာရှည်ပါက နိုင်ငံတော်က ကြိုးပမ်းလျက်ရှိသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားပြုမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့ကြောင့် အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲခဲ့ကြောင်း၊ မဟာဗျူဟာရှိမှသာ စီမံချက်များ ဖော်ထုတ်ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေခွဲဝေမှုတွင် ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင်လည်း အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များအားလုံး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အစိုးရက ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားသဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ (၄) ခုအနက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောကြားထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ လတ်တလော ပြည်တွင်းနေရပ် စွန့်ခွာသူများအတွက်လည်း လစဉ်ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်းကို ထပ်လောင်းပြောကြားလိုကြောင်း၊ ငွေကျပ် ၁ ဒသမ ၈  ဘီလီယံကျော် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ ယာယီခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာနေရသူများကို ငွေကြေးထောက်ပံ့မှုများသာမက မှီခိုကင်းစွာနှင့် ကိုယ်တိုင်ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်မှာ အရေးကြီးကြောင်း၊ မဟာဗျူဟာကို အခြေခံ၍ လုပ်ငန်းစဉ်များ ရေးဆွဲကြရာတွင် ပြည်နယ်တစ်ခုနှင့်တစ်ခု လိုအပ်ချက်များ မတူညီကြသည့်အတွက် ရေရှည်အတွက် မျှော်မှန်းပြီး အားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ဝန်ကြီးက ပြောကြားထားသည်။


READ NEXT
Cancel OK