Top News

ဥပဒေနှင့်ရင်ဆိုင်နေရသော ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်မှုပေးရန် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖောင်ဒေးရှင်းနှင့် ယူနီဆက်ဖ် (မြန်မာ) တို့ ပူးပေါင်းလုပ်ဆောင်မည်
24htopnews | October 17, 2024 8:12 PM CST



ဥပဒေနှင့်ရင်ဆိုင်နေရသော ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖောင်ဒေးရှင်း (ILF) နှင့် ယူနီဆက်ဖ် (မြန်မာ) တို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဇူလိုင်လတွင် စတင်အသက်ဝင်ခဲ့သော မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေသစ် အကောင်အထည်ဖော်ဆောင်မှုကို ပံ့ပိုးသည့် အနေဖြင့် ပဋိပက္ခများအတွင်း ကလေးသူငယ်များ၏ အခွင့်အရေးများကို ဥပဒေဖြင့် ကာကွယ်ပေးရန်အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖောင်ဒေးရှင်းနှင့် ယူနီဆက်ဖ် (မြန်မာ) တို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ဥရောပသမဂ္ဂ၏ အရှေ့တောင်အာရှ၊တောင်အာရှနှင့် ဗဟိုအာရှဒေသများရှိ ရွှေ့ပြောင်းနေထိုင်မှုကြောင့် သက်ရောက်မှုရှိနေသည့် ကလေးငယ်များအား ကာကွယ်ပေးခြင်းအစီအစဉ်၏ ငွေကြေးပံ့ပိုးမှုဖြင့် အဆိုပါ စီမံချက်သည် ကလေးများအား ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်မှ လမ်းကြောင်းလွှဲရန်နှင့် ဖမ်းဆီးထိန်းသိမ်းမှုအစား အခြားရွေးချယ်စရာများကို အားပေး မြှင့်တင်ရန်တို့အပေါ် အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှေ့နေများနှင့် အခြားတရားရေး တာဝန်ရှိသူများအား ကလေးသူငယ် ဦးစားပေး တရားရေးစနစ်နှင့် စပ်လျဉ်းသည့် သင်တန်းများ ပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ကလေးသူငယ်များအတွက် အရည်အသွေးပြည့်မီသော ဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့်စံနှုန်းများကို သတ်မှတ်သွားမည်ဖြစ်ကြောင်းနှင့် အမှုများအား တရားရုံးများမှ လမ်းကြောင်းပြောင်းရန်၊ ကလေးသူငယ်များအတွက် သင့်လျော်သော လူထုပံ့ပိုးမှုများနှင့် ချိတ်ဆက်ပေးရန်၊ ထောင်ချခြင်းအစား အခြားရွေးချယ်စရာ နည်းလမ်းများကို အားပေးမြှင့်တင်ရန်အတွက် ရဲ၊ အစိုးရရှေ့နေများ၊ တရားသူကြီးများနှင့် လူမှုဝန်ဆောင်မှု ပံ့ပိုးပေးသူများအကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်လည်း ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

“ကလေးသူငယ်တွေမှာ အဖမ်းခံရပြီးတာနဲ့ တတ်နိုင်သမျှစောစော သူတို့ဘက်ကနေ ရပ်တည်ပေးမယ့် အားကောင်းပြီး ကျွမ်းကျင်တဲ့ ခုခံကာကွယ်ပေးသူတွေ လိုအပ်ပါတယ်။ ပြီးတော့ သူတို့အမှုတွေကို အရွယ်ရောက်သူတွေရဲ့ အမှုတွေနဲ့မတူဘဲ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်” ဟု ILF အမှုဆောင် ညွှန်ကြားရေးမှူး Jennifer Smith က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်တွင် ပြစ်မှုမမြောက် အနိမ့်ဆုံးအသက်အရွယ်ကို ခုနစ်နှစ်မှ ၁ဝနှစ်သို့ တိုးမြှင့်ထားပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ်မှ ချမှတ်ထားသည့် နိုင်ငံတကာစံနှုန်းများထက် နိမ့်နေဆဲဖြစ်ကြောင်းနှင့် ဥပဒေက ကလေးသူငယ်အား ဖမ်းဆီးထိန်းသိမ်းခြင်းကို နောက်ဆုံး မလွှဲရှောင်နိုင်မှသာ ရွေးချယ်သင့်ပြီး ကလေးသူငယ်များအတွက် အခြားအပြစ်ပေးသည့် အစီအမံများကို ရွေးချယ်ပြုလုပ်ရန် ဖော်ပြထားကြောင်းလည်း သိရသည်။

လက်ရှိစိန်ခေါ်မှုများအနက် အာဏာပိုင်များမှ အမှုစစ်ဆေးရန် စောင့်ဆိုင်းနေသည့် ကလေးများအား လုပ်ရိုးလုပ်စဉ်အတိုင်း ထိန်းသိမ်းလျက်ရှိခြင်း၊ ကလေးသူငယ် ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် ကျွမ်းကျင်မှုများ အကန့်အသတ်ရှိနေခြင်း၊ လမ်းကြောင်းလွှဲရန်နှင့် အခြားစီရင်ချက်ချရန်အတွက် လုပ်ထုံးလုပ်နည်းများမှာ စီစဉ်ရေးဆွဲရန်နှင့် လက်တွေ့ကျင့်သုံးရန် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် နှစ်ပေါင်း ရဝနီးပါးရှိ အတွေ့အကြုံများဖြင့် ယူနီဆက်ဖ်အဖွဲ့သည် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်မှုများ တိုးမြှင့်ရရှိရန် အားပေးနိုင်ရေးအတွက် အမျိုးမျိုးသော တရားရေးတာဝန်ရှိသူများနှင့် ရပ်ရွာလူထုမိတ်ဖက်အဖွဲ့များကို စည်းရုံးဆော်သြလျက်ရှိကြောင်းနှင့် ILF သည် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်းနှင့် အကူးအပြောင်း နိုင်ငံများရှိ ရာဇဝတ်မှုဆိုင်ရာ ခုခံကာကွယ်မှုနှင့် ဥပဒေရေးရာ ကူညီပေးရေးစနစ်များအတွက် အရည်အသွေးမီစံနှုန်းများ ချမှတ်ရာတွင် အရေးပါသည့် ကျွမ်းကျင်မှုများရှိပြီး ကလေးသူငယ်များအတွက် တရားမျှတမှုနှင့် အခွင့်အရေးများအပေါ် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

 

 


READ NEXT
Cancel OK