Top News

မုံရွာမြို့တွင် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသားနှစ်ဦးပျောက်ဆုံးမှု တစ်နှစ်ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့အထိ တွေ့ရှိခြင်း မရှိသေးဟုဆို
24htopnews | October 17, 2024 8:12 PM CST



စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တွင် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသားနှစ်ဦး ပျောက်ဆုံးမှုသည် တစ်နှစ်ကြာမြင့်ပြီ ဖြစ်သော်လည်း ယနေ့အထိတွေ့ရှိခြင်း မရှိသေးကြောင်း မောင်မြင့်မြတ်စိုး၏ မိခင်ဖြစ်သူ ဒေါ်စန်းကြည်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ၁၂ နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသားနှစ်ဦးသည် ၂၀၁၈ ခုနှစ် ၁၀ လပိုင်း ၈ ရက်နေ့က ကျောင်းတက်သွားရာကနေ ပျောက်ဆုံးသွားခဲ့ကြောင်း မိခင်ဖြစ်သူက သားပျောက်ဆုံးသွားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များကို အားကိုးတော့မည်မဟုတ်ကြောင်း ဒေါ်စန်းကြည်က ဆက်လက်ပြောကြားသည်။

“ကျွန်မကလေးပျောက်သွားတာက တစ်နှစ်နဲ့နှစ်လရှိပြီ။ ကျွန်မထင်တာကတော့ ပင်လယ်ထဲ ရောက်တယ်လို့ပဲထင်တယ်။ ပြီးတဲ့အခါမှာကျတော့ တပ်ထဲရောက်သွားသလားပေါ့။ ပင်လယ်ထဲရောက်သွားရင်လည်း အပြင်လူတွေနဲ့ ဆက်သွယ်လို့မရဘူး။ အဲဒီ နှစ်လမ်းပဲရှိတာ။ ဒါပေမဲ့ ကျွန်မကတော့ ဘယ်သူမှအားမကိုးတော့ဘူး။ ဒါဟာ အမှန်အတိုင်းပြောတာ။ ကိုယ့်ရဲ့ယုံကြည်ချက်ပဲ။ ကိုယ့်သားမသေရင် ပြန်လာမယ်။ မိဘဆိုတော့ အချိန်နဲ့အမျှပါပဲ။ ခံစားရတာပေ့ါ။ ရဲတွေကိုလည်း ကျွန်မသိပ်ပြီး အားမကိုးတော့ဘူး။ ဘယ်သူ့မှ အားမကိုးတော့ဘူး။ ကံကံ၏အကျိုးတရားပဲ” ဟု မောင်မြင့်မြတ်စိုး၏ မိခင် ဒေါ်စန်းကြည်က ပြောကြားသည်။

ပျောက်ဆုံးသွားကြသည့် ၁၂ နှစ်အရွယ် ခြောက်တန်းကျောင်းသားနှစ်ဦး၏ မိဘများသည် ယနေ့အထိမမေ့ကြောင်း၊ တစ်နေ့ ၎င်းတို့၏သားနှစ်ဦးသည် အသက်မသေပါက ပြန်လာကြလိမ့်မည် ယုံကြည်နေကြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းထံ မိဘဖြစ်သူများက အမှုဖွင့်တိုင်တန်းထားကြောင်း၊ ပျောက်ဆုံးသွားကြသည့် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသားနှစ်ဦးသည် မောင်စွမ်းဇော်ဇော်နှင့် မောင်မြင့်မြတ်စိုးတို့ဖြစ်ပြီး ယင်းကျောင်းသားနှစ်ဦးသည် မုံရွာ အ-ထ-က ၃ ကျောင်းတွင် ပညာသင် ကြားနေသည့် ကျောင်းသားနှစ်ဦးဖြစ်ကြောင်း သိရသည်။ 


READ NEXT
Cancel OK