Top News

မြေလတ်ဒေသမြို့နယ်များတွင် ဆောင်းကြက်သွန် စတင်စိုက်ပျိုးနေပြီး ကြက်သွန်ပေါ်ချိန် ယခင်နှစ်များထက် စျေးကောင်းရရန် မျှော်လင့်နေ
24htopnews | October 17, 2024 8:12 PM CST



မြေလတ်ဒေသမြို့နယ်များတွင် ဆောင်းကြက်သွန်များ စတင်စိုက်ပျိုးနေပြီး ကြက်သွန်ပေါ်ချိန် ယခင်နှစ်များကထက် စျေးကောင်းရရန် မျှော်လင့်နေကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ သရက်မြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်များတွင် ဆောင်းကြက်သွန်များ စတင်စိုက်ပျိုးနေပြီး ယခင်နှစ်က တောင်သူများထံမှ ကြက်သွန်ပေါ်ချိန် တစ်ပိဿာလျှင် ကျပ် ၄၀၀ ခန့်သာ စျေးရရှိခဲ့သဖြင့် အရှုံးပေါ်ခဲ့ပြီး ယခုနှစ် ဆောင်းကြက်သွန်ပေါ်ချိန် စျေးကောင်းရရန် တောင်သူများ မျှော်လင့်နေကြောင်း သိရသည်။

“ကြက်သွန်စျေးက အခုကသာ တစ်ပိဿာ ၂၀၀၀ ကျော်ရှိနေတာ။ ဆောင်းကြက်သွန်ပေါ်ရင် တစ်ပိဿာ လေးငါးရာ ဖြစ်သွားတာ။ ပြီးခဲ့တဲ့နှစ်ကဆို တစ်ပိဿာလေးရာနဲ့ ရောင်းခဲ့ရတာ။ တောင်သူတွေ ရှုံးတယ်။ အနည်းဆုံး ကြက်သွန်တစ်ပိဿာ ၁၀၀၀ လောက်ရောင်းရရင်ကိုပဲ တွက်ခြေကိုက်တယ်။ ကြက်သွန်က မျိုးစေ့ဝယ်ပျိုးရတာ မျိုးစေ့တစ်ပုလင်းကို ကျပ်နှစ်သောင်းလောက် ရှိတယ်။ တစ်ဧကဆိုရင် လေးပုလင်းလောက် ပျိုးရတယ်။ အလုပ်သမားခကလည်း ကြီးကကြီးနဲ့ ကြက်သွန်တစ်ဧကကို စိုက်ပျိုးစရိတ် ကျပ်သုံးသိန်းနဲ့ အထက်မှာရှိတယ်။ မနှစ်က စျေးအတိုင်းဆို အခုနှစ်ရှုံးဦးမှာပဲ” ဟု အောင်လံမြို့နယ် ရွှေညောင်ပင်ကျေးရွာက ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်များကလည်း ဆောင်းကြက်သွန်ခင်းများ၌ ရောဂါပိုးများကျရောက်ခဲ့၍ ကြက်သွန်ခင်းများ ပျက်စီးခဲ့ကာ တောင်သူများ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK