Top News

ကယားပြည်နယ်တွင် ဆောင်ရွက်နေသည့် ပြင်သစ်ဝက်မွေးမြူရေး စီမံကိန်းမှာ အနံ့ဆိုးများ ထွက်နေသဖြင့် ဒေသခံများ မခံနိုင်သောကြောင့် ဝင်ရောက်စစ်ဆေးရာ EIA ၊ SIA မဆောင်ရွက်ရသေးကြောင်း သိရ
24htopnews | October 17, 2024 8:12 PM CST

ကယားပြည်နယ်တွင် ဆောင်ရွက်နေသည့် ပြင်သစ်ဝက်မွေးမြူရေးစီမံကိန်းမှာ အနံ့ဆိုးများထွက်နေသဖြင့် ဒေသခံများ မခံနိုင်သောကြောင့် ဝင်ရောက်စစ်ဆေးရာ EIA ၊ SIA မဆောင်ရွက်ရသေးကြောင်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးမြင့်မောင်က ပြောကြားသည်။

ဒီဇင်ဘာ ၅ ရက်တွင် အဆိုပါကော်မတီနှင့် ဒေသခံကျေးရွာသားများက ဝင်ရောက်စစ်ဆေးရာ ယင်းသို့ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“အနံ့တော့ထွက်တယ်။ လက်ရှိက အညစ်အကြေးစွန့်တဲ့ကန်က ၅ ရက်နေ့မှ ပြီးမယ်ပြောတယ်။ ဒါကတစ်ကြောင်း။အနံ့ကပုံမှန်ထွက်မယ် ဝက်ခြံကနေ။ Aircon နဲ့ထားတော့ လေစုပ်ပန်ကာကနေ ထွက်တဲ့အနံ့ကြီး ဖြစ်နေတယ်။ ရွာနဲ့က ဝေးတယ်။ သူတို့က သစ်ပင်အကာအကွယ်မရှိ ကွင်းပြင်ကြီးဆိုတော့ အနံ့က ရောက်သွားနိုင်တယ်လေ။ အိမ်မှာ ဝက်တစ်ကောင်၊ နှစ်ကောင်မွေးတာတောင် ထွက်သေးတာဆိုတော့။ သူတို့ကကန်ပြီးရင် ရမယ်ပြောတယ်။ နောက်တစ်ချက်က ပတ်ချာလည်ကို အပင်တွေစိုက်ဖို့ လိုမယ်လေ။ အောက်ဆီဂျင်များများထွက်အောင်။ သူ့ System အရတော့ အနံ့က ပျောက်သွားလိမ့်မယ်။ ကျွန်တော်တို့ပြန် စောင့်ကြည့်ရမှာပေါ့။ EIA နဲ့ပတ်သက်လို့ အခုမှ စာတမ်းလုပ်တုန်း။ SIA လည်း အခုမှ စလုပ်တုန်းတဲ့။ ရွာရဲ့ပွဲလမ်းသဘင်တွေမှာ ပံ့ပိုးဖို့ ကတိကဝတ်တွေရှိတယ်” ဟု တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်မောင်က ပြောကြားသည်။

အဆိုပါ ပြင်သစ်ဝက်မျိုးမွေးမြူရေး စီမံကိန်းအား De Jeus Myanmar Co.,Ltd က မြေဧက ၁၀ ဒသမ ၇၇ ပေါ်တွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၃ ဒသမ ၁၈၁၉ ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

ပထမအဆင့်အနေဖြင့် ဒေါ်လာ ၂ ဒသမ ၅ သန်းအတွက် ပြင်သစ်ဝက်အမ ၂၅၀၊ အထီး ၂၁ ကောင်အား စတင်မွေးမြူနေစဉ် အနံ့ထွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် မေ ၂၆ ရက်တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ပြီးနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေးခဲ့သော ပြင်သစ်ဝက်စီမံကိန်းမှာ လုပ်ငန်းသက်တမ်းအနေဖြင့် နှစ် ၅၀ သက်တမ်းတိုး ၁၀ နှစ် နှစ်ကြိမ်ဖြင့် နှစ် ၇၀ ရည်မှန်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် စီမံကိန်းများကို ပြည်နယ်လွှတ်တော်ရေးရာအဖွဲ့များ၊ အရပ်ဘက်အဖွဲ့များမှ လိုက်လံစစ်ဆေးရာတွင် လွိုင်ကော်မြို့စက်မှုဇုန် (၂) ရှိ သတ္တုသန့်စင်စက်ရုံနှင့် ပြင်သစ်ဝက်စီမံကိန်းတို့မှာ EIA ၊ SIA အဆင်သင့်မဖြစ်ဘဲ ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ ပတ်ဝန်းကျင်အခြေအနေများကို လေ့လာဆန်းစစ်ရာတွင် ကယားပြည်နယ်သည် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အများဆုံးနှင့် သတ်မှတ်အဆင့်၏ နောက်ဆုံးအဆင့် ၁၂ တွင် တည်ရှိနေကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ရေးသားပြုစုသည့်  မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက်(၂၀၁၇) အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကယားပြည်နယ် လွှတ်တော်မှဖွဲ့စည်းပေးထားသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ကော်မတီသည် အောက်တိုဘာ ၁၀ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်ဝက်စီမံကိန်းကို ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။               

 

 


READ NEXT
Cancel OK