Top News

အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်း လူမှုအဖွဲ့အစည်းများက လွှဲပြောင်းလာသော အိပ်ချ်အိုင်ဗွီလူနာများကို အစိုးရကျန်းမာရေးဌာနများတွင် လက်ခံကုသပေးနေပြီး လက်ရှိအထိ လူနာပေါင်း ၁၃၀၀၀၀ ကျော် ကုသပေးနေ
24htopnews | October 17, 2024 8:12 PM CST

အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းလူမှုအဖွဲ့အစည်းများ၏ ဆေးခန်းများတွင် ကုသမှုခံယူနေသော အိပ်ချ်အိုင်ဗွီလူနာများကို အစိုးရကျန်းမာရေးဌာနများက တဖြည်းဖြည်းလွှဲပြောင်းလက်ခံရယူပြီး ကုသမှုပေးနေကာ လက်ရှိအချိန်အထိ လူနာပေါင်း ၁၃၀၀၀၀ ကျော်ကို ကုသမှုပေးနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှရရှိသည့် အချက်အလက်အရ သိရသည်။

နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ကုသပေးနေသော အိပ်ချ်အိုင်ဗွီလူနာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တဖြည်းဖြည်း လွှဲပြောင်းပေးနေပြီး ယခုအခါ ဗန်းမော်၊ ရှမ်းပြည်နယ် လားရှိုးနှင့် သီပေါအကျဉ်းထောင်ရှိ လူနာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသား ခုခံကျ / ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်သို့ တဖြည်းဖြည်း လွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။

MSF သည် မြစ်ကြီးနားအကျဉ်းထောင်တွင် အိပ်ချ်အိုင်ဗွီရောဂါကုသမှုနှင့် တီဘီရောဂါ တွဲဖက်ခံစားရသော လူနာများအတွက် ကုသမှုများကို ၂၀၁၀ ပြည့်နှစ်မှစ၍ လုပ်ဆောင်ခဲ့ပြီး ယခုနှစ် မတ်လတွင် မြစ်ကြီးနားအကျဉ်းထောင်ရှိ လူနာများကို အမျိုးသား ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်သို့ အပြီးသတ်လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၁၈ခုနှစ် သြဂုတ်မှစတင်၍ အိပ်ချ်အိုင်ဗွီလူနာ ၁၂၆ ဦးကို တစ်ဆင့်ပြီးတစ်ဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နယ်စည်းမထားဆရာဝန်များအဖွဲ့က အိပ်ချ်အိုင်ဗွီ၊ တီဘီရောဂါလူနာများကို ကုသပေးနေသော  သာကေတဆေးခန်းကို ၂၀၂၀ ပြည့်နှစ် ဇွန်တွင်ပိတ်သိမ်းမည်ဖြစ်ကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့မှ ဒေါက်တာမြသီတာက ပြောကြားသည်။ 

“MSF အနေနဲ့ အိပ်ချ်အိုင်ဗွီ၊ တီဘီနဲ့ တခြား Mobile Clinic တွေနဲ့ သွားကုပေးတဲ့လုပ်ငန်းတွေကို လုပ်ပေးပါတယ်။ ရန်ကုန်မှာဆိုရင်တော့ အိပ်ချ်အိုင်ဗွီ၊ တီဘီကုသရေးလုပ်ငန်းတွေကို အဓိကထား လုပ်ပေးတယ်။ ရခိုင်မှာဆိုရင် Mobile Clinic တွေလုပ်တာ ပိုများတယ်။ ရှမ်း၊ ကချင်၊ တနင်္သာရီတိုင်းတို့မှာကျတော့ အိပ်ချ်အိုင်ဗွီ၊ တီဘီဆိုင်ရာလုပ်ငန်းတွေ လုပ်ပါတယ်။ ဇွန် ၂၇ ရက်က အင်းစိန်က ဆေးခန်းကို ပိတ်လိုက်ပြီဖြစ်ပြီး အင်းစိန်ဆေးခန်းက ကျန်တဲ့လူနာတွေကို သာကေတဆေးခန်းကို လွှဲထားပါတယ်။ ဒါပေမဲ့ သာကေတဆေးခန်းကိုလည်း လာမယ့်၂၀၂၀ ပြည့်နှစ် ဇွန်လလောက်မှာ ပိတ်သိမ်းသွားမှာပါ။ ဆေးခန်းတွေပိတ်ရတဲ့ အကြောင်းရင်းက MSF အနေနဲ့ မြန်မာနိုင်ငံမှာ အိပ်ချ်အိုင်ဗွီ၊ တီဘီကာကွယ်ကုသရေးလုပ်ငန်းတွေလုပ်လာတာ ၂၇ နှစ်ရှိပါပြီ။ MSF အနေနဲ့ကလည်း တစ်ချိန်ချိန်မှာ ဖြစ်နိုင်ရင် အစိုးရကိုလွှဲပြောင်းပေးမယ်ဆိုတာကို စဉ်းစားထားပြီးသားပါ။ လူနာလွှဲပြောင်းရေးတွေကို ၂၀၁၆ ခုနှစ်မှာစပြီးတော့လုပ်ခဲ့တယ်။ ကျွန်မတို့လူနာတွေကို လွှဲပြောင်းလက်ခံနိုင်တဲ့ အခြေအနေတွေရှိလာတဲ့ အပေါ်မူတည်ပြီး လွှဲပြောင်းရေးအစီအစဉ်တွေကို စပြီးအကောင်အထည်ဖော်ခဲ့တာပါ။ သာကေတဆေးခန်းက လူနာတွေကို လွှဲပြောင်းပြီးရင်တော့ MSF က ရန်ကုန်မှာမလုပ်တော့ပါဘူး” ဟုဒေါက်တာမြသီတာက ပြောကြားသည်။   

လက်ရှိ မြန်မာနိုင်ငံတွင် ကျန်းမာရေးဗဟုသုတနည်းပါးခြင်း၊ အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ကာကွယ်ရေးလုပ်ငန်းများ လက်လှမ်းမီမရရှိခြင်း၊ မူးယစ်ဆေးထိုးသွင်းသူများ၊ အမျိုးသမီး လိင်လုပ်သားများနှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများ၊ အကျဉ်းကျနေသူများ၊ ရွှေ့ပြောင်းလုပ်သားများအပါအဝင် ဦးတည်အုပ်စုများအတွင်း အိပ်ချ်အိုင်ဗွီပိုးကူးစက်ရန် အန္တရာယ်ရှိသော အပြုအမူများ ပြုလုပ်ခြင်းတို့ကြောင့် ၎င်းလူအုပ်စုများအတွင်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှု မြင့်မားလျက်ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူ ၂၃၇၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း HIV Positive မှာ သုည ဒသမ ၅၇ ရာခိုင်နှုန်းရှိကြောင်း AIDS Epidemic Model- AEM ဖြင့် ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ် ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ အိပ်ချ်အိုင်ဗွီရောဂါလူနာအသစ် ကူးစက်ခံရမှု ထက်ဝက်ကျော် ကျဆင်းခဲ့ပြီး AIDS Epidemic Model – AEM ဖြင့် ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံ၌ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူ ၂၂၇၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာ သုညဒသမ ၅၇ ရာခိုင်နှုန်း ခန့်ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရ သိရသည်။                                  

 


READ NEXT
Cancel OK