Top News

ရန်ကုန်တက္ကသိုလ်မှာ မကြာမီကာလတွင် ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် တက္ကသိုလ်ဖြစ်လာတော့မည်ဖြစ်ပြီး တက္ကသိုလ်၏ ပညာအရည်အချင်းမြှင့်တင်ရေးတွင် ပညာအမြော်အမြင်ရှိသည့် နိုင်ငံသားကောင်းများ၊ ရည်မှန်းချက်ကောင်းများ ထားရှိရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ
24htopnews | October 18, 2024 2:12 AM CST

ရန်ကုန်တက္ကသိုလ်မှာ မကြာမီကာလ တွင် ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် တက္ကသိုလ်ဖြစ်လာတော့မည်ဖြစ်ပြီး တက္ကသိုလ်၏ ပညာအရည်အချင်းမြှင့်တင်ရေးတွင် ပညာအမြော်အမြင်ရှိသည့် နိုင်ငံသားကောင်းများ၊ ရည်မှန်းချက်ကောင်းများ ထားရှိရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၂ ရက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသော ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် စတင်သည့် အခမ်းအနားတွင် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“စာတွေတတ်ပေမယ့် အမျှော်အမြင် မရှိရင် ဘဝကို မှန်ကန်စွာ ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ စာတော်ပြီး အမျှော်အမြင်ရှိမှသာ နိုင်ငံကိုအကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ အကျိုးပြုမယ့်လူသားတွေကို အကျိုးပြုမယ့်လူတွေ ဖြစ်လာအောင်ကျွန်မတို့က ပြုစုပျိုး ထောင်ပေးရမှာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ပညာအရည်အချင်းမြှင့်တင်ရေးမှာ ပညာအမြော်အမြင်ရှိတဲ့ နိုင်ငံသားကောင်း တွေ လူသားကောင်းတွေ ပြုစုပျိုးထောင်နိုင် ဖို့ ရည်မှန်းချက်ကောင်းတွေ ထားရှိရမှာဖြစ် ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်ရာပြည့်အခမ်းအနားကို လာရောက်လေ့လာနေသူများကို တွေ့ရစဉ်

ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလတွင် မိမိတို့ ဦးစားပေးဆောင်ရွက်နေသော လုပ်ငန်းစဉ်သည် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ် အတွက် ပြန်လည်မွမ်းမံမှုများ၊ အဆင့်မြှင့် တင်မှုများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက် လုပ်ငန်းကော်မတီများ၊ လုပ်ငန်းအ ဖွဲ့များဖွဲ့စည်းပြီး မဟာစီမံကိန်း Master Plan တစ်ခုကို ရေးဆွဲအကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ဦးစီးကော်မတီ ဖွဲ့စည်းပြီး အကောင်အထည်ဖော်လျက်ရှိကြောင်း၊ လုပ်ငန်းအလိုက် ပညာအရည်အသွေးမြှင့်တင်ရေး ကော်မတီ၊ ရုပ်ပိုင်းဆိုင်ရာဖြည့်ဆည်း ရေးကော်မတီများကိုလည်း ထပ်မံဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မဟာစီမံကိန်း အရ ရန်ကုန်တက္ကသိုလ်၏ ဖွဲ့စည်းပုံ စီမံခန့်ခွဲ မှုကိစ္စများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များကို တိုး တက်ပြောင်းလဲနေသည့် ခေတ်ကာလအခြေအနေများနှင့် ဆီလျော်ညီညွတ်မှုရှိအောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် အမျိုးသားပညာရေးဥပဒေပါ ပြဌာန်းချက်အရ ရန်ကုန်တက္ကသိုလ်အား ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်ဖြစ်စေရန်၊ လိုအပ်သည့်အချက်များအား ဖြည့်ဆည်းပေးလျက်ရှိပြီး မကြာခင်ကာလတွင် ရန်ကုန်တက္ကသိုလ်သည် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိ သောတက္ကသိုလ် ဖြစ်လာတော့မည် ဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ ပညာရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဖြစ်သည့် မဟာဌာနစနစ်ကို ထူထောင်ရန် သင်ရိုး ညွန်းတမ်းများကို ပြန်လည်ဆန်းစစ်ပြီး မွမ်းမံ ပြင်ဆင်ရန်၊ လိုအပ်ချက်နှင့်အညီ ပြန်လည်ရေးဆွဲရန် စသည့်လုပ်ငန်းများကို စီမံဆောင်ရွက်သွားမည်ဟု သိရကြောင်း၊ ထို့ပြင်အရည်အသွေး ပိုမိုမြင့်မားတိုးတက်လာစေရန်၊ နိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာတက္ကသိုလ်များနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရာတွင် ထိထိရောက်ရောက်ဖြစ်စေရန်၊ ကျောင်းသားများရွှေ့ပြောင်းပညာ သင်ယူရေး ကိစ္စများတွင်လွယ်ကူချောမွေ့အဆင်ပြေအောင် သင်ရိုးညွှန်းတမ်းနှင့် မူဝါဒ များကို ပြုပြင်ပြောင်းလဲသွားမည်ဟုလည်း သိရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ရာပြည့်အထိမ်းအမှတ်စတင်သည့် အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းနှင့် ဝန်ကြီးများတက်ရောက်ကြ သည်။

ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်စတင်သည့် အခမ်းအနားမကျင်းပမီ တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂရုံးခန်းရှေ့၌ “ဖောက်ပြန်သူအပေါင်း တီးတဲ့စောင်းမှာ ခွပ်ဒေါင်း ဘယ်ခါမကပါ”ဟူသော စာတန်းကို ချိတ်ဆွဲထားသည်ကို တွေ့ရသည်။

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ ၂ ရက်မှ ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ရာပြည့်သဘင်အခမ်းအနားကျင်းပရန် ဦးစီးကော်မတီ ၁၇ ခုဖွဲ့စည်းထားကြောင်း သိရသည်။ ရာပြည့်လုပ်ရှားမှုများအနေဖြင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ တွေ့ဆုံဆွေးနွေးပွဲများ၊ ဘာသာရပ်အသီးသီးမှ အငြိမ်းစားယူခဲ့ကြသည့် ဆရာ၊ ဆရာမကြီးများ အာစရိယပူဇော်ပွဲများ၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ မိတ်ဆုံ ညစာစားပွဲနှင့် ဂီတဖျော်ဖြေပွဲများ၊ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ထုတ်ဝေသည့် သုတေသန စာတမ်းများ၊ စာစောင်၊ စာအုပ်များ၊ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းများ၊ သမိုင်းဝင် စာအုပ်စာတမ်းပြပွဲများ၊ ရန်ကုန်တက္ကသိုလ် သမိုင်းပြုစုထုတ်ဝေခြင်း၊ အထိမ်းအမှတ် စာစောင်များ ထုတ်ဝေခြင်း၊ လက်ကမ်း စာစောင်များ ထုတ်ဝေခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးဆိုင်ရာ ပညာပေး စာတမ်းများ ရေးသားပြုစုခြင်း၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများဆိုင်ရာ ပညာပေးစာတမ်းများ ပြုစုထုတ်ဝေခြင်း၊ ပြင်ပပညာရှင်များ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ဟောပြောပွဲများ၊ အဆောင်အလိုက်ဟောပြောပွဲများ၊ အဆောင် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ တွေ့ဆုံဆွေးနွေးပွဲများ၊ ကျောင်းသား ကျောင်းသူများတီထွင်ထား သည့် သိပ္ပံပစ္စည်းများ၊ အိုင်တီပစ္စည်းများနှင့် ပရောဂျက်များ အားပြသခြင်း၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၏ အိုင်တီ နည်းပညာ ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ၊ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုပြိုင်ပွဲများ၊ တက္ကသိုလ်နှင့် သက်ဆိုင်သော ရှေးဟောင်း ရုပ်ရှင် များပြသခြင်း၊ ပျော်ပွဲရွှင်ပွဲ စျေးရောင်းပွဲများ၊ ပဒေသာကပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ တည်ထောင်ပြီး အစောပိုင်းများတွင် ယူနီဗာစတီ ကောလိပ်နှင့် ဂျပ်ဆင် (ယုဒ သန်) ကောလိပ်ဟူ၍ ပေါ်ထွက်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်နှင့် ၅၀ ပြည့်နှစ်များတွင် အရှေ့တောင်အာရှ၏ အကောင်းဆုံးတက္ကသိုလ် ဖြစ်ခဲ့သည်။

၈၈၈၈ လူထုအုံကြွမှုကာလအပြီးတွင် ရန်ကုန်တက္ကသိုလ်ကို အချိန်အကန့်အသတ် ပိတ်ထားခဲ့ပြီး ၂၀၁၃ ခုနှစ်ဒီဇင်ဘာမှ စတင် ၍ ဘွဲ့ကြိုသင်တန်းများကို ပြန်လည်ဖွင့်လှစ် ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ်သည် ဗိုလ် ချုပ်အောင်ဆန်း၊ ဦးနုနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ဦးသန့်တို့ကို မွေးထုတ်ပေးခဲ့သည့် နေရာတစ်ခုလည်းဖြစ်သည်။


READ NEXT
Cancel OK