Top News

မိုင်းရှင်းလင်းရေးလုပ်ငန်းနှင့် မိုင်းအသိပညာပေးလုပ်ငန်းများကို တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေဟုဆို
24htopnews | October 18, 2024 2:12 AM CST

မိုင်းရှင်းလင်းရေးလုပ်ငန်းနှင့် မိုင်းအသိပညာပေးလုပ်ငန်းများကို တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဒီဇင်ဘာ ၁ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးဦးဆောင်သော ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၌တွေ့ဆုံပြီး ပြည်တွင်း၊ ပြည်ပနိုင်ငံတကာ အဖွဲ့အစည်းများမှ ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို တွေ့ဆုံ ဆွေးနွေးရာတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရသိရသည်။

မဟာဗျူဟာသည် နိုင်ငံတကာစံနှုန်း များနှင့်အညီ ရေးဆွဲထားသည့်အတွက် မိမိတို့နိုင်ငံ၏ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ လုပ်ငန်းစဉ်များရေးဆွဲပြီး IDP စခန်း များပိတ်သိမ်းနိုင်ရန် အရေးကြီးသည့် မူ ဘောင်တစ်ခုဖြစ်ပါကြောင်း၊ မဟာဗျူဟာတွင် ပါရှိသည့်အတိုင်း ပြည်ထောင်စုအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ကော်မတီများ၊ လုပ်ငန်းကော်မတီများဖွဲ့စည်း၍ လုပ်ငန်းစီမံချက်များကို ဒေသအလိုက် ရေးဆွဲအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ မဟာဗျူဟာကို မရေးဆွဲမီနှင့်ရေး ဆွဲနေစဉ်ကာလအတွင်း ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးနှင့်ပတ်သက်၍ မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများရှိကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။

အဆိုပါလုပ်ငန်းများကို ဤမဟာဗျူဟာနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်ရှိ IDP စခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေးနှင့်ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်လူမှုအ ဖွဲ့အစည်းတစ်ခုဖြစ်သည့် KHCC တို့နှင့်ညှိ နှိုင်းဆောင်ရွက်နေသကဲ့သို့ သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကြက်ခြေနီ လှုပ်ရှားမှုများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပိတ်သိမ်းရမည့်စခန်း များမှ ပြန်လည်နေရာချထားရမည့် ကျေးရွာများ စာရင်းကိုပြုစုသကဲ့သို့ ပြန်လည်နေ ရာချထားရေးလုပ်ငန်းတွင် အရေးပါသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းနှင့် မိုင်းအသိပညာပေးလုပ်ငန်းများကို တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် မိုင်းအန္တရာယ်နှင့်ပတ်သက်၍ နိုဝင်ဘာ ၂၅၊ ၂၆ ရက်က နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် မိုင်းကင်းစင်ရေး ပြန်လည်သုံးသပ်မှုဆိုင်ရာ ဝန်ကြီးအဆင့် ညီလာခံကို မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ်တက်ရောက်ခဲ့ပြီး ရေရှည်တည်တံ့မည့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှုကို အခြေခံသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်၏ အရေးပါမှုများ၊ မိုင်းရှင်းလင်းရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် ကို ဆွေးနွေးခဲ့ရာ ယခုမဟာဗျူဟာအကောင် အထည်ဖော်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ကချင်ဒေသအတွင်းရှိ နေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းများသည် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့် ကိုက်ညီသည့် အတွက် ဆက်လက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြမည်ဖြစ်ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ရာတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရှေ့ပြေးစီမံချက်များ ဆက်လက်ရေးဆွဲအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကဦးဆောင်၍ သက်ဆိုင်ရာပြည်နယ် အလိုက် လုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည်ဖော်ရာတွင် ကုလသမဂ္ဂနှင့် နိုင်ငံ တကာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


READ NEXT
Cancel OK