Top News

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် တက်ရောက်ခဲ့ကြတဲ့ လိုက်ပ်ဇစ်နဲ့ အတ္တလန်တာ 
24htopnews | October 18, 2024 2:12 AM CST

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ ပထမနေ့ပွဲစဉ်တွေမှာ ပထမအကျော့က နိုင်ပွဲရယူနိုင်ခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ အတ္တလန်တာတို့ဟာ နိုင်ပွဲတွေ ထပ်မံရယူပြီး ကွာတားဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ကြပါတယ်။

■ လိုက်ဇစ် ၃-၀ စပါး

(နှစ်ကျော့ပေါင်း ၄-၀ ဖြင့် လိုက်ပ်ဇစ်နိုင်)

လိုက်ပ်ဇစ်အသင်းဟာ စပါးအသင်းကို အဝေးကွင်းမှာ (၁-၀)ဂိုးနဲ့ အနိုင်ရထားသလို၊ အိမ်ကွင်းမှာလည်း (၃-၀)ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုင်ယူပြီး နှစ်ကျော့ပေါင်း (၄-၀)ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ 

လိုက်ပ်ဇစ်အသင်းမှာ ဗာနာ၊ ဆာဘစ်ဇာတို့နဲ့ လူစုံခဲ့ပြီး စပါးအသင်းကတော့ အယ်လီကို အထောင်ထားကာ လာမယ်လာ၊ လူးကပ်စ်မော်ရာတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ 

လိုက်ပ်ဇစ်အသင်းဟာ အိမ်ကွင်းမှာ ပွဲစကတည်းက စပါးအသင်းကို ဖိကစားခဲ့ပြီး ပွဲချိန် (၁၀)မိနစ်မှာပဲ အဖွင့်ဂိုး ရခဲ့ပါတယ်။ ဗာနာ ချပေးတာကို ဆာဘစ်ဇာက ဧရိယာ အပြင်ဘက်ကနေ ကန်သွင်းယူခဲ့တာပါ။ အဲဒီနောက်မှာ ဗာနာ တစ်ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေလို့ စပါးတို့ သက်သာခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ ဂိုးရပြီးနောက်မှာလည်း တိုက်စစ်ဖွင့်ကစားခဲ့ပြီး စပါးနောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။ လိုက်ပ်ဇစ်အတွက် ဒုတိယဂိုးကို ပွဲချိန် (၂၁) မိနစ်မှာ အန်ဟယ်လီနိုရဲ့ ပေးပို့မှုကနေ ဆာဘစ်ဇာကပဲ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ 

ဒုတိယပိုင်းမှာ စပါးတို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် လိုက်ပ်ဇစ်အသင်းကို မကျော်နိုင်ခဲ့ပါဘူး။ လိုက်ပ်ဇစ်ကတော့ ဒုတိယပိုင်းမှာ ပွဲကို ထိန်းကစားခဲ့ပြီး ဂိုးတွေ ထပ်ရဖို့ ကြိုးစားခဲ့ပါတယ်။ 

စပါးအသင်းရဲ့ တိုက်စစ်ဟာ လိုက်ပ်ဇစ်အသင်းကို ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့သလို ပွဲချိန် (၈၇)မိနစ်မှာ တတိယဂိုးပါ ထပ်ပေးလိုက်ရပါတယ်။

အဲဒီဂိုးကို ဆာဗစ်ဇာအစား လူစားဝင်ကစားခဲ့တဲ့ ဖော့ဘက်က လူစားဝင်ပြီး တစ်မိနစ်အတွင်းမှာပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ပွဲအပြီးမှာ လိုက်ပ်ဇစ်အသင်းက (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း (၄-၀)ဂိုးနဲ့ နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပါတယ်။ 

 



■ ဗလင်စီယာ ၃-၄ အတ္တလန်တာ 

(နှစ်ကျော့ပေါင်း ၈-၄ ဖြင့် အတ္တလန်တာနိုင်)

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကွင်းပိတ်ကစားခဲ့တဲ့ ဗလင်စီယာ-အတ္တလန်တာပွဲမှာ ဧည့်သည် အတ္တလန်တာအသင်းက (၄-၃)ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း (၈-၄)ဂိုးနဲ့ အနိုင်ရကာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။ 

နှစ်သင်းစလုံး လူစုံပွဲထုတ်ကစားခဲ့ပြီး ပွဲအစ (၃)မိနစ်မှာ အတ္တလန်တာအသင်း ပယ်နယ်တီ ရခဲ့ပါတယ်။ အဲဒီပယ်နယ်တီကို အီလီချစ်က အမှားအယွင်းအရှိ ကန်သွင်းယူခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးနောက်မှာ ဗလင်စီယာတို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် (၂၁)မိနစ်မှာ ဂါမဲရိုးက ဗလင်စီယာအတွက် ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ 

အဲဒီနောက်မှာ နှစ်သင်းစလုံး အပြန်အလှန်ကစားခဲ့ကြပြီး ပထမပိုင်းပြီးခါနီး ပွဲချိန် (၄၃)မိနစ်မှာတော့ ဗလင်စီယာနောက်ခံလူ ပယ်နယ်တီဧရိယာအတွင်း လက်ထိခဲ့တာကြောင့် VAR ပြန်ကြည့်ပြီး ကွင်းလယ်ဒိုင်က အတ္တလန်တာကို ပယ်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။ အဲဒီ ပယ်နယ်တီကို အီလီချစ်ကပဲ အပိုင်ကန်သွင်းယူခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာ ဗလင်စီယာတို့ တိုက်စစ်ပိုဖွင့်ခဲ့ပြီး ပွဲချိန် (၅၁)မိနစ်မှာ ဂါမဲရိုး၊ ပွဲချိန် (၆၇)မိနစ်မှာ ဖာရန်တောရက်စ်တို့ရဲ့ ဂိုးတွေကြောင့် (၃-၂)ဂိုးနဲ့ ပွဲကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ အတ္တလန်တာအသင်းဟာ ချေပဂိုးတွေ ပြန်လည်ရဖို့ ကြိုးစားခဲ့ပြီး ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ အီလီချစ်က ပွဲချိန် (၇၁)မိနစ်နဲ့ (၈၂)မိနစ်တွေမှာ သူ့ရဲ့တတိယနဲ့ စတုတ္ထမြောက်ဂိုးတွေကို သွင်းယူခဲ့ပါတယ်။ 

ကျန်ပွဲချိန်တွေမှာ နှစ်သင်းစလုံး ဂိုးတွေထပ်ရဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ပွဲအပြီးမှာတော့ အတ္တလန်တာအသင်းက (၄-၃)ဂိုးနဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်း (၈-၄)ဂိုးနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ 

 


READ NEXT
Cancel OK