Top News

ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးနှင့် ရွှေ့ပြောင်းဒေသခံများကို ကူညီရေး မြစ်ဆုံဒေသခံများ တောင်းဆို
24htopnews | October 18, 2024 3:12 AM CST

 ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေးနှင့် ရွှေ့ပြောင်းဒေသခံများကို ကူညီရေးအတွက် မြစ်ဆုံဒေသခံများ၏ တောင်းဆိုချက်က်ကို ဇန်နဝါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

ယင်းထုတ်ပြန်ချက်တွင် မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ရွာများကို ရွှေ့ပြောင်းရခြင်းကြောင့် ရွှေ့ပြောင်းဒုက္ခသည်များ ဖြစ်ခဲ့ရကြောင်း၊ လယ်မြေ၊ ဥယျာဉ်ခြံမြေများ စွန့်လွှတ်ရခြင်းကြောင့် အသက်မွေးလုပ်ငန်းများ ထိခိုက်ခဲ့ရကြောင်း၊ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းခဲ့သည့်တိုင် ဒေသခံများ မူလရပ်ရွာပြန်နိုင်ရေး နှင့် ဆန် စသည့် ထောက်ပံ့မှုများ နစ်နာကြေးအဖြစ် ဆက်လက်ကူညီရန်မှာ SPIC ကုမ္ပဏီ၏ တာဝန်သာ ဖြစ်ပါကြောင်း၊ မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းရန် ဒေသခံများ အစဉ်တစိုက် ကန့်ကွက်ခဲ့ပါကြောင်း၊ ဒေသခံများ မကန့်ကွက်ဝံ့အောင် ဆန်နှင့် အခြားထောက်ပံ့ပစ္စည်းများ ဖြတ်တောက်ခဲ့ကြောင်း၊ အစိုးရမှ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းရန်နှင့် ဆုံးရှုံးနစ်နာမှုများကို ကူညီရန် တာဝန်ရှိပါကြောင်း ဒေသခံအများဆုံး ပါဝင်သည့် အခြေခံလူမှု ဖွံ့ဖြိုးရေးအဖွဲ့ (MRJ) ထုတ်ပြန်ခဲ့သည်။ 

မြစ်ဆုံမှ အောင်မြင်သာကျေးရွာသို့ ပြောင်းရွှေ့ခဲ့ရသည့် ဒေါ်ဂျာခေါန်က “ထုတ်ပြန်ချက် ထုတ်ရတာက တရုတ်သံအမတ်ကြီး ထုတ်ပြန်သလို ဒေသခံတွေက မကန့်ကွက်ဘူး ဆိုတာ မှားကြောင်း ပြောချင်တာပါ။ ကျွန်မ နဲ့ ဆရာမ ဒေါ်လုရာဆိုရင် မြစ်ဆုံစီမံကိန်းကို ကန့်ကွက်လို့ ၂၀၁၄ ကတည်းက ဆန်တွေ၊ ရိက္ခာတွေ ဖြတ်ထားတယ်။ အခု ဟိုဘက်ကမ်း ပြောင်းရွှေ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေတဲ့ မလိယန်က ဦးမုန်ရာကိုလည်း ဒီလက စဖြတ်တယ်လို့ သိရတယ်။ အခုရွှေ့ပြောင်းရွာကနေ မြစ်ဆုံ၊ တန်ဖဲရွာတွေ ဘက်မှာပဲ ရွာသားတွေက တောင်ယာလုပ်၊ စျေးရောင်း လုပ်စားနေကြရတယ်။ အခုရပ်ဆိုင်းပြီးရင်တောင်မှ ဒေသခံတွေက ဒုက္ခတွေ၊ စိန်ခေါ်ချက်တွေက မနည်းဘူး ရှိသေးတယ်” ဟု ဆိုသည်။

ဒေသခံများ ပြည်သူများနှင့် ကချင်နိုင်ငံရေး ခေါင်းဆောင်များက မြစ်ဆုံစီမံကိန်းအပြီး တိုင်ရပ်ဆိုင်းရန်မှာ လူထုထောက်ခံမှု အမြင့်ဆုံးဖြင့် အစိုးရဖြစ်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်တွင် အကောင်းဆုံးဖြစ်ကြောင်း၊ ညွန့်ပေါင်းအစိုးရအဖွဲ့ ဖြစ်လာပါက ထွေပြားသော သဘောထားများ ပေါ်ပေါက်လာနိုင်ပြီး ပြည်သူများ နစ်နာနိုင်ကြောင်း အကြံပြုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဧရာဝတီမြစ်ဆုံရေကာတာ စုံစမ်းစစ်ဆေးရေးကော်မတီကို ၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက်က ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီး (ထိုစဉ်က) ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ကချင်ပြည်နယ် မှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် နှင့် ဥပဒေပညာရှင် ဒေါ်မေရီမေနမ် ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr.Hong Liang မြစ်ကြီးနားမြို့သို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ ရက် တွင် ရောက်ရှိခဲ့ပြီး ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။ ယင်းခရီး၏ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ထုတ်ပြန်ချက်တွင် နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များက ဆန့်ကျင်ကန့်ကွက်ခြင်း မရှိကြောင်း၊ ပြည်ပရောက်ရှိနေသူများနှင့် အဖွဲ့အစည်းများကသာ ကန့်ကွက်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကချင်ပူးပေါင်းပါတီက မြစ်ဆုံရေကာတာ စီမံကိန်းနှင့်ပတ်သက်၍ ထာဝရ ရပ်ဆိုင်းထားရန် မူဝါဒရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မိသားစုများနှင့် လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း လုပ်ဆောင်မည့် စက်မှုဇုန်စီမံကိန်းများနှင့် ပတ်သက်၍ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှသာ စီမံဆောင်ရွက်ရန် သတင်းထုတ်ပြန်ခဲ့သည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့်  ရွာပေါင်း ၄၇ ရွာ၊ အိမ်ထောင်စု ၁၉၀၄ စု၊ လူဦးရေ ၁၀၅၀၅ ဦးရှိပြီး လက်ရှိတွင် မြစ်ဆုံ (မလိဇွပ်) ၊ တန်ဖဲ့၊ ရွေပါး၊ ကဒန်ပါ၊ ဒွန်ဘန်၊ လဖျဲ့ စသည့် ကျေးရွာများမှာ အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာသို့ ရွှေ့ပြောင်းနေကြရကြောင်း သိရသည်။


READ NEXT
Cancel OK