Top News

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ ပန်းဘဲတန်း အထက (၁)သို့ သွားရောက်ကြည့်ရှု
24htopnews | October 18, 2024 3:12 AM CST

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသူများ၏ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုခဲ့သည်။

ပန်းဘဲတန်း အထက (၁) သည် ကျောင်းသူ ၂၇၀ ကျော်ရှိ မိန်းကလေးသီးသန့်ကျောင်း ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

အဓိက ရည်ရွယ်ချက်ကတော့ ဒီကျောင်းက ဘာသာပေါင်းစုံရှိနေတဲ့ မိန်းကလေးကျောင်း တစ်ကျောင်းဖြစ်တယ်။ မွတ်စလင် အသိုင်းအဝိုင်းလည်းရှိတယ်။ ဟိန္ဒူလည်းရှိတယ်။ ဗမာလည်းရှိတယ်။ ဒီလိုမတူကွဲပြားရှိနေတဲ့ ကိုယ့် တိုင်းပြည်က နိုင်ငံသားတွေအတွက် သင်ကြား တတ်မြောက်မှုနဲ့ ပတ်သက်လို့ရောသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်လို့ရော ဒါလေးတွေသူသိချင်လို့ လာတယ်လို့ အစ်ကိုတို့က သုံးသပ်မိတယ် ဟု ဦးသန်းနိုင် ဦးက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် KG တန်းမှ ကျောင်းသူလေးများ၏ ပညာသင်ကြား သင်ယူနေမှု၊ ကျောင်းသူလေးများကိုယ်တိုင် တီထွင်ထားသည့် ပန်းချီနှင့် စက္ကူအရုပ်မျိုးစုံကို ကြည့်ရှုအားပေးခဲ့ကြောင်း၊ ထို့နောက် ပထမတန်း၊ သတ္တမတန်း၊ အဌမတန်းနှင် နဝမတန်းစာသင်ခန်းများသို့ လှည့်လည်ကြည့်ရှုကာ ကျောင်းသူလေးများ၏ ပညာသင်ကြား သင်ယူမှု အခြေအနေများ၊ ၎င်းတို့၏ ၀ါသနာနှင့် အနာဂတ်ပန်းတိုင် ရည်မှန်းချက်များကို ရင်းနှီးစွာ မေးမြန်းခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အလွတ်ကျက်ပညာရေးထက် တတ်သိနားလည်အောင် ကြိုးပမ်းသင်ကြားရေး၊ အင်္ဂလိပ် စာဘာသာရပ်ကို ကျွမ်းကျင်စွာတတ်မြောက်ရေး၊ ဉာဏ စွမ်းရည်သာမက ကာယစွမ်းရည်ပါ တိုးတက်ရေးအတွက် ကယသင်တန်းများကို အစုအဖွဲ့ဖြင့် စည်းလုံးညီညွတ်စွာ လေ့ကျင့်ကစားနိုင်ရေး၊ တက္ကသိုလ်ပညာရပ်သာမက အသက်မွေးဝမ်းကျောင်းပညာရပ်များကိုပါ ၀ါသနာအလျောက် တက်လှမ်းနိုင်အောင် ကြိုးစားသင်ယူရေးတို့ကို တာဝန်ရှိသူများနှင့် ကျောင်းသူလေးများအား မှာကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သင်ကြားရေးအပိုင်းနှင့် ပတ်သက်၍ လိုအပ်ချက်များကို ပွင့်လင်းစွာ မေးမြန်းခဲ့သည်ဟု သိရပြီး ကျောင်းသူများက ကွန်ပျူတာလိုအပ်ချက်ကို တင်ပြကြကြောင်း၊ ယင်းလိုအပ် ချက်များအတွက် ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေတို့ကို မှာကြားခဲ့ကြောင်း ဦးသန်းနိုင်ဦး က ပြောကြားသည်။

ပန်းဘဲတန်းမြို့နယ်တွင် အထက ၁ အပါအဝင် အထက်တန်းကျောင်း သုံးကျောင်းရှိပြီး အလယ်တန်းနှင့် မူလတန်းကျောင်းများ ပါဝင်ပါက စုစုပေါင်း ရှစ်ကျောင်း ရှိသည်ဟု သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၅ ရက် တွင်လည်း လှိုင်သာယာနှင့် မှော်ဘီမြို့နယ်များရှိ ကျောင်းများသို့ သွားရောက်မည်ဟု ကြားသိရကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။      


READ NEXT
Cancel OK