Top News

ပြည်ပချေးငွေများအနက် ချေးငွေလက်ကျန် အများဆုံးဖြစ်သည့်အပြင် ပေးရသည့်အတိုးနှုန်းလည်း အများဆုံးဖြစ်နေသည့် တရုတ်ချေးငွေလက်ကျန်ကို ဆောလျင်စွာပြန်ဆပ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အကြံပြု
24htopnews | October 18, 2024 3:12 AM CST

ပြည်ပချေးငွေများအနက် ချေးငွေလက်ကျန် အများဆုံးဖြစ်သည့်အပြင် ပေးရသည့် အတိုးနှုန်းကလည်း အများဆုံးဖြစ်နေသည့် တရုတ်ချေးငွေ လက်ကျန်ကို ဆောလျင်စွာ ပြန်ဆပ်သင့်ကြောင်း အုတ်တွင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို က အကြံပြုပြောကြားသည်။

နေပြည်တော်၌ ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်သည့်  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့ သော ၂၀၁၈ ခုနှစ် ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာထုတ်ပြန်ရေးနှင့် ၎င်းအစီ ရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ (၁/၂၀၁၉) တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးရာ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်အလိုက် ပြည်ပကြွေးမြီ လက်ကျန်အခြေအနေကို ဖော်ပြထားတဲ့ ဇယားပါအချက် အလက်များကို လေ့လာကြည့်ရာတွင် တရုတ် ချေးငွေ လက်ကျန်အများဆုံးဖြစ်သည့်အပြင် ပေးရသည့်အတိုးနှုန်းကလည်း အများဆုံးဖြစ်နေတဲ့အတွက် တရုတ်ချေးငွေလက်ကျန်ကို ဆောလျင်စွာပြန်ဆပ်သင့်ပါတယ်  ဟု ဒေါ်ချိုချို က ပြောကြားသည်။

လက်ရှိဆောင်ရွက်နေသော ချေးငွေသဘာဝအရ ဆပ်လိုသည့်အချိန်တွင် ဆပ်ချင်သည့် ငွေပမာဏကို ဆပ်နိုင်ခြင်းဖြစ်၍ အတိုးများပြီး နိုင်ငံတော်စုစုပေါင်းကြွေးမြီ လက်ကျန် ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသော ချေးငွေလက်ကျန် အများဆုံးဖြစ်သည့် တရုတ်ချေးငွေကို ဆပ်နိုင်သမျှ ဆောလျင်စွာ ပြန်လည်ပေးဆပ်သင့်သည်ဟု အကြံပြုရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောကြားသည်။

တရုတ်ချေးငွေမှာ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်ရှိကြောင်း လွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ဒေါ်ချိုချို က ပြောကြားသည်။

ထို့ပြင် ပြည်တွင်းကြွေးမြီတွင် အစိုးရ ငွေတိုက်လက်မှတ်များ၊ ငွေတိုက်စာချုပ်များ၊ ထုတ်ဝေရောင်းချခြင်းဖြင့် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် ရည်မှန်းထားသော်လည်း ထိုစာချုပ်များကို အဓိကအားဖြင့် နိုင်ငံတော် ဗဟိုဘဏ်သို့ ရောင်းချခဲ့ခြင်းဖြစ်သောကြောင့် ဘတ်ဂျက်လိုငွေကို အဓိကအားဖြင့် ဗဟိုဘဏ်ကသာ ဖြည့်ဆည်းပေးနေရသည့်  သဘောသက်ရောက်နေကြောင်း ဒေါ်ချိုချိုက ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးသည်။ 

ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည််ဆိုင်ရာငွေ ကြေးရန်ပုံငွေအဖွဲ့တို့ရဲ့ သတ်မှတ်ချက်အရ အလယ်အလတ်အဆင့် ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွင် ပြည်တွင်းပြည်ပြကြွေးမြီနဲ့ GDP အချိုးမှာ ၃၈ ရာခိုင်နှုန်းထက် မကျော်စေရဆို သော်လည်း ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပကြွေးမြီနဲ့ GDP အချိုးမှာ ၃၈ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ရာ  ကြွေးမြီ ခံနိုင်ရည်ရှိမှု ကန့်သတ်ချက်ဘောင်ထက် အနည်းငယ်ကျော်လွန်လျက်ရှိသဖြင့် ထိုအချိုး ကို လျှော့ချနိုင်ရန် ကြိုးပမ်းသင့်ပါတယ်  ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို က ဆိုသည်။

အထူးသဖြင့် ပြည်တွင်းကြွေးမြီနှင့် GDP အချိုးကို လျှော့ချနိုင်ရန် ပိုမိုလိုအပ်ကြောင်း၊ ဘတ်ဂျက်လိုငွေနှင့် GDP အချိုးမှာလည်း ငါးရာခိုင်နှုန်းထက် မြင့်မားလျက်ရှိသဖြင့် ထိုအချိုးအစားကို နိမ့်ကျသွားစေရန် ကြိုးပမ်း ခြင်းခြင့် ကြွေးမြီ ခံနိုင်ရည်ရှိမှုကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်သင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အကြံပြုပြောကြားသည်။

တရုတ်ကြွေးမြီ အများစုသည် ယခင် အစိုးရအဆက်ဆက်က ချေးယူခဲ့သည့်ချေးငွေများဖြစ်သော်လည်း ယခုအချိန်တွင် ကြွေးမြီ ပြန်ဆပ်ရမည့်ကာလ ရောက်ရှိနေပြီဖြစ်သည့်အတွက် ကြွေးမြီ မည်သို့ပြန်ဆပ်ရမည်နည်းဆိုသည့်နည်းလမ်းသည် အင်မတန်အရေးကြီးကြောင်း၊ လက်တင်အမေရိကနိုင်ငံများတွင် ပြည်တွင်းထုတ်ကုန်များဖြင့် ကြွေးမြီပြန်ဆပ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆန်နှင့်စသည့် ထုတ်ကုန်များဖြင့် ကြွေးမြီများကို  ပြန်ဆပ်၍ ရကြောင်း ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက အကြံပြုဆွေးနွေးသည်။


READ NEXT
Cancel OK