မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ ပန်ဒါချည်မျှင်၊ အထည်နှင့် အချောကိုင်စက်ရုံ(ပလိပ်)မှ အလုပ်ရပ်နားခံထားရသူ အလုပ်သမား ၂၀၃ ဦးအနေဖြင့် အလုပ်ပြန်လည်ဝင် ရောက်လုပ်ကိုင်လိုပါက ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထား၍ ပြန်လည်လျှောက်ထားကြရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။
အဆိုပါ အလုပ်သမားများ အလုပ်ရပ်နားခံထားရမှုနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အလုပ်ရှင်နှင့် အလုပ်သမားကြား ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီးနောက် ညှိနှိုင်းဆွေးနွေးမှု အဆင်ပြေသဖြင့် စက်ရုံ၏အုပ်ချုပ်ရေးအဖွဲ့မှ ပြန်လည်ခန့်ထားနိုင်ရေးအတွက် တင်ပြလာသည့်အတိုင်း လျှောက်ထားကြရန် သက်ဆိုင်ရာ အလုပ်သမားများထံသို့ ဇန်နဝါရီ ၂၁ ရက်က အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်ကြောင်း ဝန်ကြီးဦးမျိုး သစ်ထံမှ သိရသည်။
“ဒီစက်ရုံက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတယ်။ ဝန်ကြီးချုပ်ရဲ့ မေတ္တာရပ်ခံချက်အရ စက်ရုံပိုင်ရှင်တွေဘက်က ထုတ်ပယ်ထားတဲ့ အလုပ်သမား ၂၀၀ ကျော်ကို ပြန်လက်ခံပေးမယ်။ ဒါပေမဲ့ စက်ရုံက လုပ်ငန်းလည်ပတ်နေတာဖြစ်တဲ့အတွက် သူတို့ကို အလုပ်ထုတ်လိုက်ရတဲ့ကာလအတွင်း စက်ရုံလုပ်ငန်းလည်ပတ်နိုင်ဖို့ အလုပ်ခန့်ထားရတဲ့သူတွေရှိတယ်။ ဒါကြောင့် အကုန်ပြန်လက်ခံဖို့က ခဲယဉ်းတယ်။ စက်ရုံဘက်က အဲဒီလိုပြောပေမယ့်လည်း ဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုအတိုင်းပဲ အလုပ်သမား ၂၀၀ ကျော်ကို လက်ခံဖို့ စဉ်းစားပေးတယ်။ အလုပ်သမား ၂၀၀ ကျော်က စက်ရုံရဲ့အစီအစဉ်အတိုင်း အလုပ်လျှောက်ထားရမယ်။ အလုပ်သမား ၂၀၃ ယောက်လုံး ခန့်ထားပေးဖို့အတွက် စက်ရုံဘက်က အခက်အခဲရှိတယ်။ ဘာကြောင့်ဆိုရင် အလုပ်သမား ၂၀၀ ကျော်ကို အလုပ်က ရပ်နားထားလိုက်စဉ်က လုပ်ငန်းလည်ပတ်ဖို့ အလုပ်သမားအသစ်တွေခေါ်ယူ ခန့်ထားပြီးဖြစ်လို့ တချို့တစ်ဝက်အလုပ်က နားရမယ်။ နားရတဲ့သူတွေကို ဘယ်လိုလုပ်ပေးမလဲဆိုတာနဲ့ပတ်သက်ပြီး စက်ရုံဘက်က တင်ပြလာတာက ကျန်းမာရေးမကောင်းတဲ့သူ၊ အသက် ၆၀ ကျော်တဲ့သူ၊ မလုပ်နိုင်တော့တဲ့သူတွေကို ဥပဒေနဲ့အညီ ရပ်နားရမယ်။ ဒါဆို ခန့်နိုင်မယ့်နေရာတွေပိုများလာမယ်။ တိုင်းအစိုးရဘက်ကလည်း ဒါကိုလက်ခံပါတယ်။ စက်ရုံမှာအလုပ်ပြန်ဝင်ချင်တဲ့ အလုပ်သမားတွေပထမဆုံး လျှောက်ထားကြဖို့လိုတယ်။ ကျွန်တော်တို့ဘက်ကတော့ အလုပ် လျှောက်ထားရမယ့်ပုံစံကို စာထုတ်ပြီးတော့ အကြောင်းကြားထားတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားကြဖို့ စက်ရုံအပါအဝင် အလုပ်သမားတွေကို အ ကြောင်းကြားထားပါတယ်” ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။
အလုပ်မှရပ်နားခံထားရသည့် အလုပ်သမား ၂၀၃ ဦးကို အလုပ်ပြန်လည်ခန့်ထားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပန်ဒါချည်မျှင်၊ အထည်နှင့်အချောကိုင်စက်ရုံ(ပလိပ်)အုပ်ချုပ် ရေးအဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်ချက်အရ အလုပ်သမား ၂၀၃ ဦးအနက် EC စာချုပ်ချုပ်ဆိုမည့် အလုပ်သမားများသာ အလုပ်ပြန်လည် လျှောက်ထားနိုင်မည်ဖြစ်ပြီး ၎င်းတို့ကို စက်ရုံအတွင်း လက်ရှိလစ်လပ်နေသည့်နေ ရာ ၅၀ ခန့်ကို အရည်အချင်းအလိုက် ပြန် လည်ခန့်ထားပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဥပဒေနှင့်အညီအလုပ်မှရပ်နားသွားမည့် အသက် ၆၀ အရွယ် လုပ်ငန်းခွင်ဝင် နေသူများ၊ ကျန်းမာရေးမကောင်းသူများနှင့် လုပ်ငန်းခွင်မဝင်နိုင်သူများနေရာတွင် အလုပ်သမားများ အစားထိုး ထပ်မံရွေးချယ်ခန့် ထားပေးသွားမည်ကြောင်း၊ လျှောက်လွှာတင်သူများမှ ကျန်ရှိနေသည့်အလုပ်သမားများကို စက်ရုံ၏ လစ်လပ်နေသော မြေနေရာများတွင် စိုက်ခင်းများ စမ်းသပ်ဖန်တီးပြီး အလုပ်အကိုင်ရရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အကြောင်းကြားစာအရ သိရသည်။
ပန်ဒါချည်မျှင်အထည်နှင့်အချောကိုင် စက်ရုံမှ အလုပ်ထုတ်ပယ်ခံထားရသည့် အလုပ်သမား ၂၀၀ ကျော်က ၎င်းတို့၏အလုပ်သမားဆိုင်ရာ အခွင့်အရေးများ နစ်နာဆုံးရှုံး နေမှုများကို ကူညီဖြေရှင်းပေးရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့သို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်က ထိုင်သပိတ် ပြုလုပ်ဆန္ဒပြတောင်းဆိုရန် သွားရောက်ခဲ့ရာ ရဲတပ်ဖွဲ့က တားဆီးခဲ့သဖြင့် အလုပ်သမားများက ပလိပ်နယ်မြေရဲစခန်းရှေ့၌ ထိုင်သပိတ် ပြုလုပ်၍ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြရာ အဆိုပါနေ့ညတွင် စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းအဆင်ပြေမှုရရှိခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
