Top News

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲစာရင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း စည်ပင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား
24htopnews | October 18, 2024 3:12 AM CST

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲစာရင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြောင်း  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဇန်နဝါရီ ၂၄ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“စိတ်ထဲမှာ စိုးရိမ်ပူပန်နေတာက ကျန်တဲ့ ရွေးကောက်ပွဲ ဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ်တွေကတော့ အဆင်ပြေတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ စိတ်ပူနေတာက မဲစာရင်း။ သို့သော် မဲစာရင်းကို တာဝန်ယူဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်များနဲ့ ပြီးခဲ့တဲ့ ငါးရက်လောက်က ဆွေးနွေးတဲ့အခါ ကျွန်တော်တို့ လိုချင်တဲ့အချိန်မှာ မဲစာရင်းကို အပ်ပါမယ်ဆိုတဲ့ ကတိတော့ ရထားတယ်” ဟု ဦးအောင်ခိုင်က ပြောကြားသည်။

ထို့ပြင် စည်ပင်ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရရှိသည့်အချိန်သည် သုံးလ သာရှိကြောင်း၊ လက်ရှိတွင် အချိန်အားဖြင့် နှစ်လနှင့် ခြောက်ရက်သာ ကျန်ရှိတော့ကြောင်း၊ ထို့ကြောင့် အပူတပြင်း ဆောင်ရွက်နေရကြောင်း ဦးအောင်ခိုင်က ပြောကြားသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော်ဟာ ဒီရွေးကောက်ပွဲလုပ်ငန်းတွေ နဲ့ ပတ်သက်ပြီးတော့ ၂၀၁၀ ကနေပြီး ၂၀၁၇ အထိ အတွေ့အကြုံ ရှိခဲ့ပါတယ်။ တစ်ခါတလေ ကျတော့ လွယ်တယ်လို့ ထင်တဲ့ဟာတွေက မထင်မှတ်ဘဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားရင် ဖုတ်ပူမီးတိုက်လိုက်ရတဲ့ဟာတွေ ရှိတယ်။ မရရင်မဖြစ်ဘူး။ မဲစာရင်းလို ဟာမျိုးပေါ့။ မဲစာရင်းအားလုံး ပြည့်စုံသွားရင် ရွေးကောက်ပွဲရဲ့ ၇၅ ရာခိုင်နှုန်းပြီးပြီလို့ အတွေ့အကြုံအရ ပြောကြားလိုပါတယ်။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကတော့ နှစ်ရက် သုံးရက်တန်သည်၊ တစ်ပတ်တန်သည် ဖြည့်တင်း ပြီးတော့ ဆောင်ရွက်နိုင်တဲ့ အနေအထားရှိတယ်” ဟု ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဆိုသည်။

မဲစာရင်းရရှိပါက သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် မဲစာရင်း ကပ်ရမည်ဖြစ်ကြောင်း၊ မဲစာရင်းများပြည်သူများ  လာရောက်ကြည့်ရှုရမည်ဖြစ်ပြီး အမည်စာရင်း မပါပါက  ရပ်/ကျေး ကော်မရှင်များတွင် ခိုင်လုံသည့် အထောက်အထားဖြင့် အမည်စာရင်း ပြန်လည် ထည့်သွင်းရန်ပြု လုပ်ရမည်ဖြစ်ကြောင်း သိရသည်။

“မဲစာရင်း အနေအထားက ကြေညာပြီး ရင် ပြင်ဆင်တာတွေ ရှိမယ်။ ထည့်သွင်းတာ တွေရှိမယ်။ အနည်းဆုံး တစ်ပတ် အချိန်ပေးရမယ်။ ကျွန်တော်တို့ရတဲ့အချိန်က နည်းနေတယ်။ ဒါပေမဲ့ ဖြစ်အောင်လုပ်ပါမယ်” ဟု ဦးအောင်ခိုင်က ပြောကြားသည်။

မတ် ၃၁ ရက်တွင် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ ဆန္ဒမဲပေးမှုကို သက်ဆိုင်ရာမြို့နယ်များတွင် နံနက် ၆ နာရီ မှ ညနေ ၄ နာရီအထိ ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။

ရွေးကောက်ပွဲအတွက် တိုင်းအစိုးရက လူဦးရေစာရင်းကို ဖေဖော်ဝါရီ ၇ ရက်တွင် စည်ပင်ရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် တစ်အိမ်ထောင်လျှင် လူတစ်ဦးသာ မဲပေးပိုင်ခွင့်ရှိပြီး၂၀၁၉ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲ ကဲ့သို့ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် ရရှိမည်ဖြစ်သဖြင့် မဲစာရင်းများလာပြီး မဲရုံအရေအတွက်လည်း များလာကြောင်း ဦးအောင်ခိုင်ကပြော ကြားသည်။  


READ NEXT
Cancel OK