ချင်းတွင်းမြစ်အတွင်းရှိ ငါးသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရန် မြစ်အထက်ပိုင်း နေရာသုံးခုတွင် ငါးမဖမ်းရဇုန်သတ်မှတ်ရန် လျာထားကြောင်း သိရသည်။
ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့နယ်အတွင်းရှိ ပဒူးမုန်းကျေးရွာ၊ လင်းဖားကျေးရွာနှင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ထမံသီကျေးရွာအနီးတို့တွင် ကွင်းဆင်းလေ့လာထားပြီး မြစ်အတွင်းရှိ ငါးသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးဟရဲကုန်း၏ ပြောကြားချက်အရ သိရသည်။
“မနှစ်ကတည်းက ကွင်းဆင်းလေ့လာထားတာပေါ့။ ကွင်းဆင်းလေ့လာတဲ့အထဲမှာ WCS အဖွဲ့တွေနဲ့ နိုင်ငံခြားသားတွေလည်းပါတယ်။ သူတို့ရဲ့ အစီရင်ခံစာကိုလည်း အထက်ကို တင်ထားကြတယ်။ အထက်က ညွှန်ကြားချက်မထွက်သေးတော့ အတည်ပြုသတ်မှတ်ချက်တော့ မသတ်မှတ်နိုင်သေးဘူး။ သတ်မှတ်ဖို့ရည်ရွယ်ပြီး ကွင်းဆင်းထားတာ သုံးနေရာပေါ့။ ခန္တီးအထက်ဘက် ပဒူးမုန်းမှာ တစ်နေရာ၊ ခန္တီးအောက်နားက လင်းဖားမှာ တစ်နေရာနဲ့ ထမံသီချောင်းထဲမှာ တစ်နေရာ စုစုပေါင်း သုံးနေရာပေါ့။ အဲဒီသုံးနေရာမှာ ပဒူးမုန်းနဲ့ လင်းဖားမှာက အစိုးရတရားဝင်ချပေးထားတဲ့ တင်ဒါရ ငါးဖမ်းလုပ်ကွက်တွေရှိတယ်။ ဒါသတ်မှတ်နိုင်ဖို့အတွက် အဓိက ကတော့ အဲဒီနေရာမှာရှိတဲ့ ဒေသခံကျေးရွာသားတွေက ဒီနေရာတွေကို သူတို့ကိုယ်တိုင်က ထိန်းသိမ်းစောင့်ရှောက်လိုပါတယ်ဆိုပြီး စိတ်ဝင်တစား လုပ်ကြဖို့လည်း လိုတာပေါ့။ ဒေသခံတွေဘက်က ဒီလိုတင်ပြလာရင် ကျွန်တော်တို့ဘက်က လုပ်ပေးရတာ မြန်တာပေါ့လေ။ သူတို့ဘက်က စိတ်ဝင်စားမှုသိပ်မရှိရင်တော့ ကြာမှာပေါ့။ ဒီလိုဇုန်နေရာတွေ သတ်မှတ်မယ်၊ ငါးသားပေါက်တွေ ပြန်ထည့်ပေးမယ်ဆိုရင် မြစ်ထဲက ငါးသယံဇာတတွေ ရေရှည်ထိန်းသိမ်းနိုင်မှာပေါ့။ ဒါက လုပ်လည်း လုပ်သင့်ပါတယ်။ ဖြစ်နိုင်ရင် မြစ်ကြောင်းတစ်လျှောက်မှာ ဒီလိုနေရာတွေ သတ်မှတ်ဖော်ဆောင်သင့်တာပေါ့။ ဒီလိုမလုပ်ရင် ငါးသယံဇာတတွေ ရေရှည် ထိန်းသိမ်းနိုင်ဖို့ သိပ်မလွယ်ဘူးလေ” ဟု ဦးဟရဲကုန်းက ပြောကြားသည်။
ချင်းတွင်းမြစ်အထက်ပိုင်းရှိ ငါးမဖမ်းရ ဇုန်သတ်မှတ်ရန် လျာထားသောနေရာများသည် ရှားပါးတိုက်လိပ်များ နေထိုင်ကျက်စားသော နေရာဖြစ်သောကြောင့် ထိုနေရာတွင် ငါးမဖမ်းရဇုန်သတ်မှတ်ရန် ကြိုးပမ်းရခြင်းဖြစ်ပြီး ထိုသို့သတ်မှတ်သော ဇုန်အတွင်းတွင်သာ ငါးဖမ်းဆီးခွင့်မပြုခြင်းဖြစ်ပြီး ထိုဇုန်ပြင်ပတွင် ဆက်လက်ဖမ်းဆီးခွင့်ရှိမည်ဖြစ်ကြောင်း လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ကလျာက ပြောကြားသည်။
“ချင်းတွင်းမြစ်ရဲ့ကျန်တဲ့နေရာတွေမှာလည်း အဲဒီလိုဇုန်လေးတွေ သတ်မှတ်ပေးဖို့ စီစဉ်တင်ပြသွားမှာပါ။ အခုတင်ပြထားတဲ့ နေရာတွေကတာ့ ရှားပါးတိုက်လိပ်မျိုးတွေ ရှင်သန်တဲ့နေရာလည်းဖြစ်တဲ့အတွက် အရင်အကောင်အထည်ဖော်လိုက်တာပါ။ လူတွေက ငါးဖမ်းပိုက်တွေ ထောင်တဲ့အခါ လိပ်ကလေးတွေပါ ပိုက်မှာ ငြိပြီးသေကြရတယ်လေ။ ဒီလိုနေရာသတ်မှတ်တဲ့အခါ ဥပမာအားဖြင့် ပေ ၁၀၀၀၊ ပေ ၂၀၀၀ လောက်ရှိမယ့် နေရာတစ်ခုကို ငါးမဖမ်းရဇုန်သတ်မှတ်လိုက်တာပေါ့။ ကျန်တဲ့နေရာမှာတော့ ပုံမှန်အတိုင်း ဆက်ဖမ်းလို့ရပါတယ်။ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် အဲဒီနေရာလေးမှာ ငါးမဖမ်းကြတော့ ငါးတွေ ဘေးအန္တရာယ်ကင်းကင်း ရှင်သန်နေထိုင်လို့ ရမယ့် မျိုးပွားလို့ရမယ့် နေရာလေးတစ်ခုရ လာမှာပေါ့။ အဲဒီလိုနေရာလေးမှာ အေးအေးဆေးဆေး ရှင်သန်နေထိုင်မျိုးပွားခွင့်ရတဲ့အတွက် ငါးသယံဇာတတွေလည်း တဖြည်းဖြည်း များပြားလာမယ်။ အဲဒီလို လုပ်တဲ့အခါ ဒေသခံရွာသားတွေက အဓိကကျတာပေါ့။ တကယ်တော့ ငါးဆိုတာ မြန်မာလူမျိုးတွေ အဓိကစား သုံးတဲ့အရာလည်းဖြစ်သလို ကျန်းမာရေးအတွက်လည်း အများကြီးအထောက်အကူပြုတဲ့အတွက် ငါးသယံဇာတတွေကို ရှေရှည်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်” ဟု ဒေါ်ကလျာက ပြောကြားသည်။
အဆိုပါ ငါးမဖမ်းရဇုန်များသတ်မှတ်ရာတွင် ဒေသခံပြည်သူများက အဓိက အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသခံများအနေဖြင့် စီမံခန့်ခွဲနိုင်ရေးအတွက် ကော်မတီများဖွဲ့ခြင်း၊ ငါးသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းတို့ကို ငါးလုပ်ငန်းဦးစီးဌာန၊WCS Myanmar ၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့နှင့် Fish Bio စသည့် ပူးပေါင်းအဖွဲ့မှ နည်းပညာများကူညီပေးသွား မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
