ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် Ramsar ရမ်ဆာ ရေဝပ်ဒေသ ဧရိယာတွင် ဘတ်ထရီရှော့တိုက်မှု ကင်းမဲ့ဇုန်များ တိုးချဲ့သတ်မှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနအင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဌာနမှ တောခေါင်းဦးစိုးနိုင်အေးက ပြောကြားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန်၊ ပေပင်ကုန်းကျေးရွာ၊ အမကစာသင်ကျောင်းတွင် မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီက ပေပင်ကုန်းကျေးရွာအတွင်း ဘက်ထရီရှော့တိုက် ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ခြင်းအနေဖြင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် ငါးမွေး မြူရေးဦးစီးဌာနတို့မှ အသိပေးဟောပြောပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး၊ ပေပင်ကုန်းကျေးရွာသား ငါးလုပ်ငန်းအသက်မွေးဝမ်းကျောင်း ပြုသူများ တက်ရောက်ကြောင်းသိရသည်။ အဆိုပါ ဘက်ထရီရှော့တိုက် ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ခြင်းသည် အင်းလေးကန်တွင် ဒုတိယမြောက်ဖြစ်ပြီး မိုင်းသောက်ကျေးရွာတွင်လည်း သတ်မှတ် ထားခြင်းဖြစ်ကြောင်း၊ အင်းလေးကန်အတွင်းပိုင်းအင်းတော်ရှင် နတ်နန်းအပါအဝင် ပင်မဧရိယာ တစ်ခုလုံး 4 Square Mile ကို ငါးမဖမ်းရဇုန်များ သတ်မှတ်၍ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် ငှက်ဘေးမဲ့ တောနေရာများကိုလည်း သတ်မှတ်ထားရှိကြောင်း သိရသည်။
“ဒီနေ့ ပေပင်ကုန်းကျေးရွာသားတွေကနေ ကမကထ ပြုလုပ်ပြီးတော့ အင်းလေးကန်တွင်းမှာ ဘက်ထရီရှော့တိုက်တာတွေ ပပျောက်စေဖို့ ပညာပေးဟောပြောပွဲလေး လာရောက်ပြုလုပ်ရခြင်းဖြစ်ပါတယ်။ အင်းထဲမှာတော့ အသိပညာပေးတော်တော် များများတော့ လုပ်ပါတယ်။ စာသင်ကျောင်းတွေမှာလည်း လုပ်ပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်လာဖို့ အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက်ဒေသခံတွေ အသိပညာတွေ မြင့်မာလာစေဖို့ ပညာပေးလုပ်ငန်းတွေ အစဉ်တစိုက်လုပ်ပါတယ်” ဟု သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနအင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ တောခေါင်း ဦးစိုးနိုင်အေးက ပြောကြားသည်။
ဘက်ထရီရှော့တိုက်နည်းဖြင့် ငါးဖမ်းရာတွင် ငါးသယံဇာတအမြောက်အမြား ပျက်စီးဆုံးရှုံးသည့်အပြင် မသေဆုံးဘဲကျန် လျှင်လည်း မျိုးမပွားနိုင်တော့ခြင်း၊ ကောင်းကျိုးပြု ဇီဝအင်းဆက်များစွာ သေကျေပျက်စီးခြင်းနှင့် ရှားပါးငါးမျိုးစိတ်များ (ဥပမာ-ငါး ဖိန်းဒေသမျိုးရင်း) မျိုးသုဉ်းသွားခြင်း အန္တရာယ်များကြုံတွေ့လာရသည့်အပြင် မိမိကိုယ်ကိုယ်ရှော့တိုက်မိလျှင်လည်း ဟော်မုန်းပျက်စီးခြင်းကြောင့် အကြောအရွတ်ဆိုင်ရာ ကျန်းမာရေးပြဿနာများ ရင်ဆိုင်ကြုံတွေ့နိုင်သဖြင့် အင်းလေးကန်အတွင်း ဘက်ထရီရှော့တိုက် ငါးဖမ်းနည်းပပျောက်လာစေရန်အတွက် ဌာနပေါင်းစုံအဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်ရန်လိုသည့်အပြင် ဒေသခံများ ကိုယ်တိုင်ပါဝင်လာစေသောနည်းဖြင့် ပညာပေးလုပ်ငန်းများအစဉ်တစိုက် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ဦးစိုးနိုင်အေးက ပြောကြားသည်။
“ရည်ရွယ်ချက်ကအင်းရေပြင်ထဲမှာ ဘက်ထရီရှော့ကင်းစင်ရေးဇုန်ဆိုပြီးတော့ စလုပ်တယ်။ အခုရွာသားတွေကို ဘက်ထရီရှော့က ဥပဒေနဲ့ ငြိစွန်းတဲ့ ကိစ္စရပ်ဖြစ်တာကြောင့် ရွာသားတွေကိုဥပဒေဘယ်လောက် အထိထိရောက်တယ်၊ ဥပဒေနဲ့ အရေးယူနိုင်တယ်ဆိုတာ ဂဃနဏ ချပြချင်လို့ ဘက်ထရီ ရှော့ကင်းစင်ရေးဇုန်ကို တိတိကျကျ သတ်မှတ်ပြီးရေရှည်ကိုလည်း ထိန်းသိမ်းနိုင်အောင် ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး တောင်သူတွေကို ဘက်ထရီရှော့ရဲ့ နောက်ဆက်တွဲ ပြစ်မှုအရေးယူတာတွေကို ချပြပြီးနောက်ဆက်တွဲ လုပ်လာတဲ့သူတွေကိုလည်း ဥပဒေနဲ့ ရင်ဆိုင်ရမယ်ဆိုတာသိစေအောင် ဒီပွဲလေးလုပ်တာပါ။ ပေပင်ကုန်း ရွာနယ်နိမိတ်အကုန်လုံးကို ဇုန်ထဲထည့်ပြီးတော့ ဘက်ထရီရှော့ တိုက်ပြီးငါးဖမ်းရင်ဌာနဆိုင်ရာ ဘေးမဲ့တော အဖွဲ့နဲ့ လက်တွဲပြီးတော့ ဆောင်ရွက်သွားမယ်။ ဇုန်ထဲမှာ ဘက်ထရီရှော့နဲ့ ငါးဖမ်းရင် ဘေးမဲ့ဌာနကို အကြောင်းကြားပေးမယ်။ ဘေးမဲ့ဇုန်ကလည်း ကျူးလွန်သူကိုဘယ်လို အရေးယူမယ်ဆိုတာ သူတို့ ပြန်ပြောပြပေးမှရမယ်ဗျ” ဟု ပွဲဦးဆောင်ကျင်းပပေးသူ ပေပင်ကုန်းကျေးရွာမှ ဦးဝင်းနိုင်က ဆိုသည်။
ဘေးမဲ့တောဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများမှာ (၁) ပုံမှန်ကင်းလှည့်စစ်ဆေးခြင်း၊ (၂) လူထုပညာပေးအသွင်ဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (၃) သုတေသနအထောက်အကူပြု လုပ်ငန်းများဆောင်ရွက်ခြင်း၊ (၄) အင်းလေးကန် ရေအတိမ်အနက်တိုင်းတာ စစ်ဆေးခြင်း၊ (၅) ဥယျာဉ်နယ်နိမိတ် စစ်ဆေးခြင်းနှင့် ဆိုင်းဘုတ်များစိုက်ထူခြင်း၊ (၆) မြေအသုံးချမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်ခြင်း၊ (၇) သဘာဝအခြေခံခရီးသွား မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (၈) ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် (၉) အင်းလေးကန် ဇီဝအဝန်းနယ်မြေဆိုင်ရာထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။
အင်းလေးကန်တွင်းရှိသော ဇိဝမျိုးစုံ မျိုးကွဲများမှာ တောရိုင်းတိရစ္ဆာန်များအဖြစ် နို့တိုက်သတ္တဝါမျိုးစိတ်ကိုးမျိုး၊ ကုန်းနေရေနေ သတ္တဝါ ၂၆ မျိုး၊ ငှက်မျိုးစိတ် ၃၅၆ မျိုး၊ လိပ်ပြာမျိုးစိတ် ၉၄ မျိုး၊ ခရုမျိုးစိတ် ၁၂ မျိုး၊ ငါးမျိုးစိတ် ၅၇ မျိုးတို့ဖြစ်ပြီး အပင်မျိုးစိတ်များအဖြစ် သစ်မျိုးစိတ် ၁၀၈ မျိုး၊ ၀ါးမျိုးစိတ် ၁၁ မျိုး၊ သစ်ခွမျိုးစိတ် ၁၈၄ မျိုး၊ ဆေးဘက်ဝင်ပင် ၅၂၇ မျိုး၊ ရေညှိရေမှော် ၁၂ မျိုးတို့ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
