အစ္စရေးအနေဖြင့် အီရန်ပစ်မှတ်များကို တိုက်ခိုက်မည်ဆိုပါက နောက်ထပ်ပြင်းထန်သည့် တုံ့ပြန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည်ဟု အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)အကြီးအကဲ ဟော့စိန်ဆာလာမီက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
အောက်တိုဘာ ၁ ရက်က အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကို အစ္စရေးက တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် အီရန်စစ်တပ်အကြီးအကဲ၏ သတိပးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
“သင့်အနေနဲ့ အမှားတစ်ခုကို ထပ်လုပ်ပြီး အီရန်ပြည်တွင်းနဲ့ ဒေသတွင်းက ကျွန်တော်တို့ရဲ့ပစ်မှတ်တွေကို တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့ကလည်း သင့်ကိုနောက်တစ်ကြိမ် ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာပါ”ဟု ဆာလာမီကပြီးခဲ့သည့်လအတွင်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့သည့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး၏ စျာပနတွင်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်တွင် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန်နာဆရာလာနှင့်အတူ သေဆုံးသွားခဲ့သည့် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)၏ ဗိုလ်ချုပ်ကြီး အာဘက်စ်နီလ်ဖိုရူရှန်၏ အလောင်းကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အီရန်က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
IRGC ၏ ပြည်ပစစ်ဆင်ရေးတပ်ဖွဲ့ Quds ၏ ထိပ်သီးတပ်မှူးတစ်ဦးဖြစ်သူ နီလ်ဖိုရူရှန်သည် စက်တင်ဘာ ၂၇ ရက်က အစ္စရေး၏တိုက်ခိုက်မှုကြောင့် နာဆရာလာနှင့်အတူ သေဆုံးခဲ့ခြင်းဖြစ်သည်။ နာဆ ရာလာ၏အလောင်းကိုမူ စက်တင်ဘာ၂၈ ရက်က တွေ့ရှိခဲ့ကြောင်း လက်ဘနွန်၏ ဆေးဘက်ဆိုင်ရာနှင့် လုံခြုံရေးသတင်းအရင်းမြစ်များက ပြောကြားခဲ့သည်။
နီလ်ဖိုရူရှန်၏ စျာပနအတွင်း ပြောကြားခဲ့သည့်မိန့်ခွန်းတွင် ဆာလာမိက အမေရိကန်၏ THAAD ဒုံးကျည် ကာကွယ်ရေးစနစ်သည် အားကိုးနိုင်လိမ့်မည်မဟုတ်ကြောင်း ဝေဖန်ခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက THAAD ဒုံးကျည်ကာကွယ်ရေးစနစ်သည် အစ္စရေးသို့ ရောက်ရှိပြီဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်က ပြောကြားခဲ့ပြီး ထိုဒုံးကျည်ကာကွယ်ရေးစနစ်ကို အသုံးပြုရန်အမေရိကန်စစ်သား ၁၀၀ လည်း အစ္စရေးသို့ ရောက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
“ဒီဒုံးကျည်ကာကွယ်ရေးစနစ်တွေကို အယုံအကြည်မရှိပါနဲ့။ သင့်ရဲ့အားနည်းချက်ကို ကျွန်တော်တို့သိပါတယ်။ ဒါကိုလည်း သင်တို့ကောင်းကောင်းသိထားပါတယ်” ဟု ဆာလာမီက ပြောကြားခဲ့သည်။
THAAD ဒုံးကျည်ကာကွယ်ရေးစနစ်သည် လေထုအတွင်းနှင့် လေထုပြင်ပရှိ ပစ်မှတ်များကို ကြားဖြတ်ပစ်ချရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း Lockheed ကုမ္ပဏီက ပြောကြားခဲ့သည်။
ဂါဇာနှင့် လက်ဘနွန်တွင်ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများသည် ဒေသတွင်းပျံ့နှံ့သွားမည့်အရေးကို ဟန့်တားရန် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီက သံတမန်နည်းအရ အားထုတ်ကြိုးပမ်းမှုများ ပြုလုပ်နေချိန်တွင် ဆာလာမီ၏ မှတ်ချက်စကားများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အာရက်ချီသည် သံတမန်အားထုတ်ကြိုးပမ်းမှုများအတွက် သီတင်းနှစ်ပတ်နီးပါးအတွင်း လက်ဘနွန်၊ ဆီးရီးယား၊ ဆော်ဒီအာ ရေဗျ၊ ကာတာ၊ အီရတ်၊ အိုမန်နှင့် ဂျော်ဒန် နိုင်ငံများသို့ သွားရောက်ခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
