
သံတမန်ဟူသည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ မင်းတစ်ဦးနှင့် တစ်ဦး၊ လူတစ်ယောက်နှင့် တစ်ယောက်အကြား သွားလာဆက်သွယ်သူဖြစ်သည်။ ထိုသံတမန်မှာ နိုင်ငံ၏ကိုယ်စား တိုင်းတစ်ပါးသို့ စေလွှတ်ရသော ပုဂ္ဂိုလ်ဖြစ်၍ အောက်ပါအင်္ဂါတို့နှင့် ပြည့်စုံသူဖြစ်ရသည်။ သို့မှသာ နိုင်ငံ့အကျိုးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သံတမန်အင်္ဂါကိုလည်း အမျိုးမျိုး ပြဆိုကြသည်။
ရာဇနီတိ၌ ဖော်ပြသည့် သံတမန်အင်္ဂါခြောက်ပါးမှာ (၁) ပညဝါ (ဉာဏ်ပညာရှိခြင်း)၊ (၂) ၀ါကျဆေက (စကားတတ်ခြင်း၊ စကားပြောလိမ်မာခြင်း)၊ (၃) သူရ (ရဲစွမ်းသတ္တိရှိခြင်း)၊ (၄) ပရစိတ္တဇာနန (သူတစ်ပါး၏ စိတ်နေစိတ်ထားကိုသိခြင်း)၊ (၅) ဒန္တ (ယဉ်ကျေးသိမ်မွေ့ခြင်း)၊ (၆) ပဋိ၀ါက (သူတစ်ပါးဆိုသော စကားကို ပြန်လည်ချေပနိုင်ခြင်း) တို့ ဖြစ်ကြသည်။ သုတောဒိတ မဟာရာဇဝင်ကြီး တတိယတွဲ၌ ဖော်ပြသည့် သံတမန်အင်္ဂါ ခုနစ်ပါး မှာ (၁) အမျိုးမြတ်ခြင်း၊ (၂) တတ်သိလိမ်မာခြင်း၊ (၃) တည်ကြည်ခြင်း၊ (၄) ရဲရင့်ခြင်း၊ (၅) အရိပ်အခြည် သိခြင်း၊ (၆) စည်းစိမ်ချမ်းသာရှိခြင်း၊ (၇) တော်မှန်ခြင်းတို့ဖြစ်သည်။ အင်္ဂုတ္တရပါဠိတော်၌ ဖော်ပြသည့် သံတမန်အင်္ဂါရှစ်ပါးမှာ (၁) သောတာ (မှာကြားလိုက်သော စကားတို့ကို နားလည်ခြင်း)၊ (၂) သာဝေတာ (မှာကြားလိုက်သည့်အတိုင်း ပြောဆိုနိုင်ခြင်း)၊ (၃) ဥဂ္ဂမောတာ (မမေ့မလျော့အောင် မှတ်သားထားနိုင်ခြင်း)၊ (၄) ဓာရေတာ (မချွတ်မယွင်း အောင် ဆောင်နိုင်ခြင်း)၊ (၅) ၀ိညာတာ (စကားရှိတိုင်း အနက်အဓိပ္ပာယ်ကို သိနားလည် ခြင်း)၊ (၆) ၀ိညာပေတာ (သူတစ်ပါး နားလည်အောင် ပြောဆိုတတ်ခြင်း)၊ (၇) သဟိ တာသဟိတကုသလာ (အကျိုးရှိသည် မရှိသည်၌ တတ်သိလိမ်မာခြင်း)၊ (၈) နောစကလ ဟကာရက (ငြင်းခုံခိုက်ရန်မဖြစ်အောင် ဆောင်ရွက်နိုင်ခြင်း) တို့ ဖြစ်သည်။
တိုင်းတစ်ပါးသို့ စေလွှတ်ခန့်ထားသည့် သံတမန်ကား အလွန်အရေးကြီးသည်။ အထက်ပါအင်္ဂါရပ်တို့နှင့် ပြည့်စုံလုံလောက်သော ပုဂ္ဂိုလ်တို့ကိုသာ စေလွှတ်ခန့်ထားရသည်။ နိပါတ်တော်၊ ရာဇဝင်၊ သာသနာဝင်၊ နီတိ အစရှိသော စာအုပ်စာတမ်းတို့၌ သံတမန် စေလွှတ်ခြင်း၊ ခန့်ထားခြင်းနှင့် စပ်လျဉ်းသောအကြောင်းအရာတို့ကို တွေ့မြင်ရသဖြင့် သံတမန် စေလွှတ်ခြင်း၊ ခန့်ထားခြင်း အလေ့အထမှာ ရှေးရှေးအခါကပင် ရှိခဲ့ကြောင်း ထင်ရှားသည်။ ယခုအခါလည်း ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတို့သည် နိုင်ငံတစ်ခုနှင့်တစ်ခု မဟာမိတ်ဖြစ်၍ အဆက်အသွယ်ကောင်းရန် သံတမန်အလဲအလှယ်ပြုကာ နိုင်ငံတစ်ခုက အခြားနိုင်ငံတစ်ခုသို့ သံတမန် စေလွှတ်ခန့်ထားကြသည်။ နိုင်ငံအစိုးရသည် သံတမန်တို့ကို နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းမပြုရ၊ ပြေပြေပြစ်ပြစ် ဆက်ဆံရသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချစ်ကြည်အေးချမ်းနေသည့်အချိန် မဆိုထားနှင့်၊ စစ်ဖြစ်နေသည့်အခါ စစ်တိုက်နေဆဲအခါ ဖြစ်သော်လည်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့ စေလွှတ်သော သံတမန်၊ စစ်တပ် တစ်ခုမှ စစ်တပ်တစ်ခုသို့ စေလွှတ်သော သံတမန်တို့ကို နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းကို မပြုရ၊ ပြေပြေပြစ်ပြစ် ဆက်ဆံရသည်။
ယခုခေတ်၌လည်း သံတမန်သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း ဆက်ဆံရာ၌ အလွန်အရေးကြီးသည်။ သံတမန်သည် အခြားအချုပ်အခြာအာဏာပိုင် နိုင်ငံခြားတိုင်းပြည်တစ်ပြည်သို့ မိမိ၏အစိုးရအဖွဲ့ကိုယ်စား တရားဝင် စေလွှတ်ခန့်အပ်ခြင်းခံရသော ပုဂ္ဂိုလ်ဖြစ်သည်။ သံတမန်၏တာဝန်ဝတ္တရားများကား ကြီးလေးလှသည်။ အမြော်အမြင်ကြီး၍ ပရိယာယ်ကြွယ်ဝပြီး ဆက်ဆံမှု၌လည်း လိမ်မာရေးခြား ရှိရမည်ဖြစ်သည်။ သို့မှသာ နှစ်နိုင်ငံဆက်ဆံရေးသည် ပြေပြစ်ချောမော၍ ကြာရှည်ချစ်ကြည်လေးစားစွာ ပေါင်းသင်းသွားနိုင်မည်ဖြစ်သည်။ သံတမန်သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စက်မက်အင်္ဂါဖြစ်ပွားစေနိုင်သည့် အထင်မှားအမြင် မှားမှုမျိုး မရှိစေရန်ကိုလည်း အထူးသတိပြုရပေသည်။ အရေးကြီးသည့် တာဝန်တစ်ခုမှာ မိမိအား စေလွှတ်ထားရာနိုင်ငံ၏ လူထုသဘောထားကို လေ့လာစုံစမ်းပြီး နိုင်ငံရေးအရ မည်သည့်အခြေအနေတွင်ရှိ၍ မည်သို့တိုးတက်ပြောင်းလဲလျက်ရှိကြောင်းများကို မိမိ၏အစိုးရထံသို့ အမြဲအစီရင်ခံရခြင်းပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ နိုင်ငံများ အချင်းချင်း ဆက်ဆံရာ၌ သက်ဆိုင်ရာနိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားနှင့်ပတ်သက်၍ သံတမန်များ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဇန်နဝါရီ ၁၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်