Top News

ပြည်ပရောက် မဲဆန္ဒရှင်များနှင့် ကြိုတင်မဲများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးထံ နိုဝင်ဘာ ၈ ရက် ညနေပိုင်း ၄ နာရီထက် နောက်မကျဘဲ ပို့ပေးရမည်ဖြစ်ပြီး အချိန်မီရောက်ရှိမလာပါက ပယ်မဲသတ်မှတ်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြောကြား
24htopnews | October 19, 2024 7:12 AM CST

နိုင်ငံပြင်ပရောက် ကြိုတင်မဲများနှင့် ပြည်တွင်းကြိုတင်မဲများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးထံသို့ နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီထက် နောက်မကျစေဘဲ ပို့ပေးရမည်ဖြစ်ပြီး အချိန်မီရောက်ရှိမလာပါက ပယ်မဲသတ်မှတ်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိသည်။

“ဒီနေ့ နာမကျန်း၊ မသန်စွမ်းရယ်။ သက်ကြီးရွယ်အိုရယ်၊ ရောဂါရှိသူတွေရယ်။ မနေ့ကနဲ့ ဒီနေ့ နှစ်ရက် အိမ်တိုင်ရာရောက် လိုက်ယူတာရှိတယ်။ မနက်ဖြန် ညနေ ၄ နာရီအရောက် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးကို လာရောက်အပ်နှံရမယ်။ ကြိုတင်မဲပုံးသည် ညနေ ၄ နာရီအရောက် မြို့နယ်ရုံး ပို့ထားရမယ်။ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကနေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို အပ်ရမယ်။ မြို့နယ်ရုံးမှာ မဲရေတွက်မယ်” ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

ထို့ပြင် မဲရုံများတွင် ဆန္ဒမဲပေးမည့် တံဆိပ်တုံးများကိုလည်း ကြိုးဖြင့်ချိတ်ဆွဲ ချည်နှောင်ထားရန် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံမှူးများထံသို့ အသိပေးညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ထို့ပြင်မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံသို့ လာရောက်မဲပေးကြရာတွင် ဆန္ဒမဲပေးခြင်းမပြုမီ ကြိုတင်၍ ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးတွင် UEC စာလုံးသုံးလုံး ပါရှိခြင်း ရှိ မရှိ ကြည့်ရှုစစ်ဆေးပြီး UEC စာလုံးပါရှိမှသာ မိမိမဲပေးလိုသော လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည်သင်္ကေတ အမှတ်အသားတည့်တည့်တွင်ရှိသော လေးထောင့်အကွက်အတွင်း၌ တံဆိပ်တုံးကိုနှိပ်၍ ဆန္ဒပြုကြရန် UEC ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးတွင် နိုဝင်ဘာလ ၆ ရက်အထိ နောက်ဆုံးရ စာရင်းများအရ မဲဆန္ဒရှင်ဦးရေပေါင်း ၃၆ သိန်းကျော်ရှိပြီး ကြိုတင်မဲပေးမည့် ဦးရေပေါင်း လေးသိန်းနီးပါးရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲဆန္ဒနယ် ၄၉ မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ဦးရေစာရင်းမှာ ၃၆၃၄၀၀၀ ကျော်ရှိကာ၊ မဲရုံပေါင်း ၃၅၉၁ ရုံ၊ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းပေါင်း ၅၅၀၀၀ ကျော်ရှိကြောင်း (၆-၁၁-၂၀၂၀) နေ့ရက် နောက်ဆုံးရရှိထားသော စာရင်းများအရ သိရသည်။  အဆိုပါမဲဆန္ဒရှင်ဦးရေ ၃၆ သိန်းကျော်သည် ရွေးကောက်ပွဲကျင်းပနိုင် ခြင်းမရှိသော နယ်မြေများရှိ မဲဆန္ဒရှင်ဦးရေများကို နှုတ်ထားပြီးဖြစ်ကြောင်းသိရသည်။

 


READ NEXT
Cancel OK