Top News

ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့လှမြို့တွင် ဒေသခံများအား ပိုက်ဆံဝေနေသည့် ရုပ်သံဖိုင် Facebook တွင် ပျံ့နှံ့လျက်ရှိပြီး ဝေဖန်မှုများရှိနေကာ ဗိုလ်ချုပ်ပုံကို ကလေးများသိစေရန် ကျပ် ၅၀၀ တန်များ ဝေပေးခြင်းဖြစ်ဟု ရေတာရှည်မြို့နယ်
24htopnews | October 19, 2024 7:12 AM CST

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ရေတာရှည်မြို့နယ် မြို့လှမြို့တွင် ဒေသခံ ပြည်သူများအား ပိုက်ဆံဝေနေသည့် ရုပ်သံဖိုင် Facebook တွင် ပျံ့နှံ့လျက်ရှိပြီး  အဆိုပါဗွီဒီယိုဖိုင်မှာ မဲဆွယ်စည်းရုံးရန် ပိုက်ဆံဝေပေးခြင်း မဟုတ်ပဲ  ဗိုလ်ချုပ်ပုံအား ကလေးများ သိရှိစေရန် ကျပ် ၅၀၀ တန်ပိုက်ဆံကို ဝေပေး ခြင်းသာဖြစ်ကြောင်း ရေတာရှည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဦးဝင်းကိုက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ၂၀၂၀  အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု၍ ရေတာရှည်မြို့နယ်အမှတ်(၂)မဲဆန္ဒနယ် တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းနေရာအား  ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်၌ မြို့နယ်အောင် နိုင်ရေးအဖွဲ့များနှင့်အတူ ၎င်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တစ်လျှောက် ဒေသခံပြည်သူများထံသို့ သွားရောက်ကာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Facebook တွင့် ပျံ့နှံ့နေသည့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပိုက်ဆံများ ဝေနေသော ရုပ်သံဖိုင်မှ ရယူထားသည့် ဓာတ်ပုံများ

ထိုသို့မဲဆွယ်စည်းရုံးမှု ပြုလုပ်ပြီးနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့လှမြို့မှ ဒေသခံများအား ပိုက်ဆံပေးဝေနေသော ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့လျက်ရှိပြီး ထိုသို့ပိုက်ဆံဝေခြင်းနှင့်ပတ်သက်၍  Facebook လူမှုကွန်ရက်တွင် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရေတာရှည်မြို့နယ် NLD  ပါတီဥက္ကဌ ဦးဝင်းကိုက “ပိုက်ဆံပေးတာ မဟုတ်ဘူး။ နားလည်မှု လွဲနေတာပါ၊ အမှန်မှန်က ကလေးလေးတွေကို ပေးတာကွ။ ဗိုလ်ချုပ်ပုံလေး တွေမြင်ရအောင်လို့ပါ။ ဒါက ဗိုလ်ချုပ်ပုံ ၅၀၀ တန်ကအဲဒါပေါ့။ အဲဒါ ဝန်ကြီးချုပ်ဘဝနဲ့ လုပ်တာ။ မဲဆွယ်စည်းရုံးတဲ့ လွှတ်တော်ကိုယ်စားလှယ်အနေအထားနဲ့ လုပ်နေတာ မဟုတ်ဘူး။ ၅၀၀ တန်လေးတွေ ဝေနေတာလို့၊ သူ (ဝန်ကြီးချုပ်ဦးဝင်းသိန်း)က အမြဲတမ်းသွား တိုင်း ၅၀၀ တန်လေးတွေ ဝေတယ်။ အခုမှ မဟုတ်ဘူး။ ၅၀၀ တန်လေးတွေဝေတော့ ကလေးတွေကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းလေးတွေကို ပြပြီးတော့ ဒီမှာတွေ့လား။ ပိုက်ဆံဆိုတာ အခုမှ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ဖြစ်တာ မြင်ဖူးလား အဲဒါလုပ်တာပါ၊ တို့လည်း မနည်း လိုက်ဖြည်နေရတယ်။ အစ်ကိုလည်း ဗိုလ်ချုပ်ပုံနဲ့ဟာလေးတွေ ရှဲထားတယ်လေ။ ဦးဝင်းသိန်းက သွားတဲ့နေရာတိုင်းကို ကလေး လေးတွေကို ပေးတာ၊ လူကြီးတွေကိုပေးတာ မဟုတ်ဘူး။ အတင်းဝင်လုလို့ ယူကုန်တာ၊ အမှန်မှန်က ဗိုလ်ချုပ်ပုံလေးတွေကို လိုက်ဝေပေးတာပါ။ သူက ၅၀၀ တန်လေးတွေကို သူ တစ်ခေါက်သွားလို့ရှိရင် တစ်သိန်းဖိုး နှစ်သိန်းဖိုးလောက် လဲလဲပြီးတော့ ကလေးလေးတွေ ကိုလိုက်ဝေတာ။  အဲဒါကို မလိုတဲ့လူတွေက လျှောက်လုပ်နေတာ၊ အဲဒါကို ရုံးချုပ်တို့ဘာတို့ကိုလည်း လှမ်းပြောပြီးပြီ။ အဲကိစ္စလေးတွေက ဦးဝင်းထိန်တို့၊ ဒေါက်တာမျိုးညွန့်တို့ကိုလည်း အစ်ကိုလှမ်းပြောထားပြီးပြီ။ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပိုက်ဆံလေးတွေကို ကလေးလေးတွေကို ပေးတာပေါ့။ ဗဟုသုတရအောင် ဆိုပြီးပေးတာ၊ အဲဒါ မဲဆွယ်စည်းရုံးရေး ပိုက်ဆံလျှောက်ပေးနေတာ မဟုတ်ဘူး” ဟု ပြောကြားသည်။

Facebook တွင့် ပျံ့နှံ့နေသည့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပိုက်ဆံများ ဝေနေသော ရုပ်သံဖိုင်မှ ရယူထားသည့် ဓာတ်ပုံများ

ထိုကဲ့သို့ ဒေသခံများအား ပိုက်ဆံဝေခြင်းနှင့်ပတ်သက်၍  ရေတာရှည်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံသို့ တိုင်ကြားခြင်း၊ ကန့်ကွက်ခြင်းတို့ တစ်စုံတစ်ရာမရှိကြောင်းနှင့် မဲဆွယ်စည်းရုံးရာတွင် ပိုက်ဆံဝေခြေင်းတို့ ပြုလုပ်ခွင့်မရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရေတာရှည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ထွန်းက “ကျွန်တော်တို့ မသိဘူးလေ။ အဲဒါတွေ၊ မရောက်ဘူးဗျ ဘာမှမရောက်လာဘူး၊  အဲဒီလိုလည်း မရှိဘူး ပိုက်ဆံတွေဘာတွေ ဝေတာဘာညာလည်း မသိဘူး၊ ဒီကို ကျွန်တော်တို့ဆီကိုလေ၊ တရားဝင် တခြားပါတီတွေက တိုင်တာပြုတာ လည်း မရှိဘူးဗျ။ အဲဒါတွေတော့” ဟု ပြော ကြားသည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းမြင့်ထွန်းက “ဝန်ကြီးချုပ်အနေနဲ့ သူ့ဟာသူ ပံ့ပိုးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ ။ အဲဒီလိုပဲထင်မိပါတယ်၊ သူတို့ပါတီဘာညာကို ပေးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊ သို့သော် လည်း ဒီအချိန်မှာက နှစ်မျိုးဖြစ်နေတာကိုး ကိုယ်စားလှယ်အနေနဲ့ သော်လည်းကောင်း ဝန်ကြီးချုပ်အနေနဲ့သော်လည်းကောင်း နှစ်ခုရှိတာပေါ့နော်၊ အဲဒီတော့ သူ ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ပေးတာများ ဖြစ်မလားလို့ မှတ်ချက်ချမိပါတယ်၊ ဒီဟာကတော့ဗျာ အပြိုင်အဆိုင်ကြိုးစားနေတဲ့အခါကျတော့ သူ့ဟာ သူရဲ့စိတ်ထားကျတော့ ကျွန်တော် လည်း မသိနိုင်ဘူးလေ။ အဲဒီတော့ ဝန်ကြီး ချုပ်တစ်ယောက်အနေနဲ့လည်း အာဏာရှိ သေးတယ်လေ၊ ဒီအချိန်မှာက အကုန်လုံးကကိုယ်စားလှယ်လောင်းအနေနဲ့ သွားကြ လာကြတဲ့နေရာမှာ သူ့ရဲ့ ဝေတဲ့ပြုတဲ့အပေါ်မှာ လေ တော်တော်များများတော့ ဝေဖန်မှာပေါ့ လေ” ဟု ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူများနှင့်တွေ့ဆုံရာတွင် ၎င်း၏ စကားပြောဆိုမှုများနှင့်ပတ်သက်၍ မကြာခဏ ဝေဖန်ခံခဲ့ရသူဖြစ်သည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းတွင် နတ္တလင်းမြို့နယ် ဒမငယ်သစ်ချိုခြံ လူထုတွေ့ဆုံပွဲ၌ ဆရာ၊ဆရာမများ၏ဝန်ထမ်း အိမ်ရာရရှိရေး တင်ပြချက်ကို ပြန်လည်ပြော ဆိုခဲ့ရာတွင်လည်း ဆရာ၊ ဆရာမထု၏ မကျေ နပ်ချက်ဖြစ်ပေါ်ခဲ့ရသဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်က  မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် အလုပ်မှုဆောင် ဆရာ၊ဆရာမများနှင့် NLD ပါတီ တာဝန်ရှိသူများရှေ့မှောက်တွင် တရားဝင် တောင်းပန်မှု ပြုလုပ်ခဲ့ရသူ ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ၄င်း၏ကိုယ်ရေးအရာရှိက ဖုန်းကိုင်ဆောင်ဖြေဆိုပြီး နှစ်ကြိမ်ခန့် The Daily Eleven သတင်းစာနှင့် အပြန်အလှန် ဆက်သွယ်မှု ရရှိသော်လည်း ဦးဝင်းသိန်းမှာ မဲရုံများလိုက်လံစစ်နေသဖြင့် မအားသေးသောကြောင့် မေးမြန်းမည့်အကြောင်းအရာကိုသာ ပြောကြားထားရပြီး ယနေ့ (နိုဝင်ဘာ ၇ ရက်) ည ၆ နာရီခွဲအထိ ထပ်မံ ဆက်သွယ်လာခြင်း မရှိသေးသဖြင့် အသေးစိတ် အခြေအနေကို မေးမြန်းနိုင်ပါက ထပ်မံ ဖော်ပြပေးမည် ဖြစ်ပါသည်။

 

 

 

 


READ NEXT
Cancel OK