Top News

စပါးတင်း(၁၀၀)၏ အခြေခံရည်ညွှန်းဈေးနှုန်း (၉၅၀၀၀၀)ကျပ်ဖြစ်
24htopnews | October 19, 2024 11:12 PM CST

စပါးတင်း(၁၀၀)၏ အခြေခံရည်ညွှန်းစပါးဈေး နှုန်းမှာ(၉၅၀၀၀၀)ကျပ်အဖြစ် တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီး ပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှသတ်မှတ်ခဲ့ကြောင်း ယနေ့ အောက်တိုဘာ ၁၉ ရက်က ကြေညာချက်အမှတ်(၁/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့သည်။

အစိုဓာတ်(၁၄)ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် တစ်တင်း(၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)အတွက် စျေးနှုန်းသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သတ်မှတ်ပေးခဲ့သော အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၄ ခုနှစ် မိုးစပါးနှင့် ၂၀၂၅ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင်ရှိပါက ဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ယူရမည်ဖြစ်ပြီး ရည်ညွှန်းစပါးဈေးနှုန်းအောက်တွင်ရှိပါက အခြေခံဈေးနှုန်းအတိုင်းဝယ်ယူရမည်ဟုလည်း ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ကြောင့် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသည့် တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များ(သို့) အသင်းချုပ်ရုံးချုပ် (ဖုန်း ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆)တို့သို့ ဆက်သွယ်နိုင်သည်ဟုလည်း အသိပေးခဲ့သည်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းနှင့်ဈေးကွက်ဖြစ်ပေါ်စေရန် စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံများ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို သတ်မှတ်ပေးလျက်ရှိသည်။


READ NEXT
Cancel OK