Top News

ငြိမ်းချမ်းရေးသည် ပြည်သူပြည်သားများအတွက် အရေးအကြီးဆုံးဖြစ်ပြီး အမှန်တကယ် စစ်ဘေးဒုက္ခများ ခံခဲ့ရသည့် ပြည်သူများ၏ အသံကို တစ်တိုင်းပြည်လုံး ကြားသိနိုင်အောင် အမြန်အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
24htopnews | October 20, 2024 10:12 PM CST



ငြိမ်းချမ်းရေးသည် ပြည်သူပြည်သားများအတွက် အရေးကြီးဆုံးဖြစ်ပြီး အမှန်တကယ် စစ်ဘေးဒုက္ခများခံခဲ့ရသည့် ပြည်သူများ၏အသံကို တစ်တိုင်းပြည်လုံး ကြားသိလာနိုင်အောင် အမြန်အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုတွေ့ဆုံပွဲတွင် မိုးညှင်းမြို့ သင်္ဂဟ လူမှုကူညီရေးအသင်းမှ ဦးဇော်ခိုင်ဝင်းက စစ်ဘေးဒဏ်သည် နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်လာသော်လည်း ယခုအချိန်အထိ ငြိမ်းချမ်းသည့် အရသာကို ခံစားရခြင်းမရှိကြောင်းနှင့် လက်နက်ကိုင်အဖွဲ့များသည် အားလုံးကို ကိုယ်စားမပြုသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုခြင်း မရှိပါကြောင်း တင်ပြခဲ့ပြီး မေးခွန်းမေးမြန်းမှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သင်္ဂဟ လူမှုကူညီရေးအသင်းမှ ဦးဇော်ခိုင်ဝင်းက “ကျွန်တော်မိုးညှင်းကြီး၊ မိုးညှင်းမှာပဲ သေရမှာပါ။ ကျွန်တော်တို့ ငယ်ကတည်းက စစ်ဘေးရှောင်တို့ ဘယ်သူမှမသိဘဲ ခံခဲ့ရပါတယ်။ မိုင်းခွဲခံရလို့ ရထားလမ်းရေးပေါက်တွေမှာ သတိ မိုင်းမခွဲရလို့ မီးသွေးနဲ့ ရေးခဲ့ကြတဲ့ အဆင့်ပါပဲ။ အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျွန်တော် မိုးညှင်းသားတစ်ယောက်အနေနဲ့ ပြောရရင် ပြည်သူပြည်သားတွေရဲ့ အသံတွေ မရောက်သေးဘူးလို့ ယူဆပါတယ်။ စားပွဲပေါ်မှာ တကယ်တမ်းဆွေးနွေးကြတာ လက်နက်ကိုင်နှစ်ဖက်က ဆွေးနွေးကြတာပါ။ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အားလုံးကို ကိုယ်စားမပြုသလို၊ တပ်မတော်ကလည်း မြန်မာနိုင်ငံသူ နိုင်ငံသားများကို ကိုယ်စားမပြုသေးပါဘူး။ သူတို့ကိုယ်ကျိုးတွေကိုပဲ ကိုယ်စားပြုတယ်လို့ ပြောချင်ပါတယ်။ ဘယ်လိုဆွေးနွေးဆွေးနွေး အဆုံးသတ်ရင် သယံဇာတ ခွဲဝေရေးတွေမှာ အဆုံးသတ်တာက သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေလို့ မြင်ပါတယ်။ အားလုံးကိုလည်း တောင်းပန်ပါတယ်။ ကြောက်လည်း ကြောက်ပါတယ်” ဟု တင်ပြခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူပြည်သားများ အနေဖြင့် ငြိမ်းချမ်းရေး အလွန်လိုအပ်နေကြောင်း၊ အောက်ခြေတွင် ခံစားရသည့် ပြည်သူများ၏ အသံကို တစ်တိုင်းပြည်လုံးကြားနိုင်အောင် အစီအစဉ်တစ်ခုအနေဖြင့် လျင်မြန်စွာ လုပ်ဆောင်နိုင်အောင် ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားသည်။

“ငြိမ်းချမ်းရေးဆိုတာ ပြည်သူပြည်သားတွေအတွက် အရေးအကြီးဆုံးပါပဲ။ တကယ်ကို စစ်ဘေးဒုက္ခတွေကို ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ အသံကို တစ်တိုင်းပြည်လုံး ကြားနိုင်အောင်၊ ပိုပိုပြီး သိလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မ စဉ်စားမယ်။ အမြန်ဆုံး အကောင်အထည်ဖော်ပါ့မယ်။ ဒါမှ တကယ်ခံစားရတဲ့ ပြည်သူတွေရဲ့ ခံစားချက်တွေ ဘယ်လိုရှိတယ်ဆိုတာ စဉ်စားပြီး အမြန်ဆုံးအကောင်အထည် ဖော်ပေးပါ့မယ်။ ကျွန်မတို့ ပြည်သူတွေဟာ ငြိမ်းချမ်းရေးကို မှန်မှန်ကန်ကန် သတ္တိရှိရှိ လုပ်မယ်ဆိုရင် များမကြာမီ ငြိမ်းချမ်းရေးရမှာပါလို့ ကျွန်မ ပြောချင်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ယနေ့ တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းကိစ္စရပ်များကို ပြည်သူများက အများဆုံး မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းမှုများနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တစ်လအတွင်း အစီရင်ခံစာ တင်သွင်းရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့သည်။

မြစ်ကြီးနားမြို့ လူထုတွေ့ဆုံပွဲခရီးစဉ်အတွင်း တိုင်ကြားစာပေါင်း ၁၄ စောင်ရရှိခဲ့ပြီး အများစုမှာ မြေယာပြဿနာအများဆုံးဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (ဇန်နဝါရီ ၁၀ ရက်) တွင် မြစ်ကြီးနားမြို့ရှိ စီတာပူ မနောကွင်းတွင် ကျင်းပမည့် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ရန်  မြစ်ကြီးနားမြို့သို့ ဇန်နဝါရီ ၉ ရက်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး လူမျိုးစုခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် သီးခြားတွေ့ဆုံခဲ့ကာ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) အဖွဲ့နှင့်လည်း ညနေပိုင်းတွင် သီးခြားတွေ့ဆုံခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ယခု ခရီးစဉ်အပါအဝင် ခုနစ်ကြိမ်မြောက်လာရောက်ခြင်းဖြစ်ပြီး  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ဖြင့်မူ လေးကြိမ်မြောက်လာရောက်ခြင်း ဖြစ်သည်။

 

ကချင်ပြည်နယ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဇန်နဝါရီ ၉ ရက် မြစ်ကြီးနားမြို့လေဆိပ်၌ တွေ့ရစဉ်


READ NEXT
Cancel OK