Top News

ကင်ဆာဓာတ်ရောင်ခြည် ကုသဌာနများရှိသော ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးဆေးရုံကြီးများရှိ Medical Physicist များကို Varian Medical Systems မှ ကျွမ်းကျင်ပညာရှင်များ လာရောက်သင်တန်းပို့ချ
24htopnews | October 20, 2024 10:12 PM CST

ကင်ဆာဓာတ်ရောင်ခြည်ကုသဌာန များရှိသော ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးဆေးရုံကြီးများရှိ Medical Physicist များကို Varian Medical Systems မှ ကျွမ်းကျင်ပညာရှင်များ သင်တန်းလာရောက်ပို့ချလျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ယခုဖွင့်လှစ်မည့်သင်တန်းမှာ Certificate Course of Training for Medical Physicists တစ်နှစ်သင်တန်းဖြစ်ပြီး သင်တန်းကို ကင်ဆာဓာတ်ရောင်ခြည်ဌာနက ကြီးမှူးပြီး Varian Medical Systems နှင့် Snow Everest ကုမ္ပဏီတို့၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီး ပြည်သူ့ဆေးရုံကြီးတို့တွင် တာဝန်ထမ်းဆောင်နေသော ဆေးဘက်ကျွမ်းကျင် (ရူပဗေဒပညာ) ဝန်ထမ်း ၁၀ ဦး တက်ရောက်သင် ကြားမည်ဖြစ်ရာ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့ရှိ Varian Medical Systems မှ ကျွမ်းကျင်ပညာရှင်များက သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ထို့ပြင် ကင်ဆာရောဂါလူနာများ ကုသမှုနှင့် ကုသမှုပေးပြီး ကင်ဆာရောဂါသုတေသန လုပ်ငန်းများကိုပါ ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် National Cancer Institute and Research Center ကို ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါဌာနကြီးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Varian Medical Systems တို့အကြား ပူးပေါင်းဆောင်ရွက်မှု စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း၊ အဆိုပါဌာနကြီး၌ ကနဦးအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ Medical Physicists ပညာရှင်များအား သင်ကြားလေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး နောင်အခါ အခြားကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသမှုပညာရှင်များကိုပါ သင်ကြားလေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉  ခုနှစ် အောက်တိုဘာလအတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် Varian Medical Systems မှ South east Asia and Korea ၏Managing Director, Government Affairs and Market Development ၏ Senior Director ပါဝင်သောအဖွဲ့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံ မှုတွင် ပြည်ထောင်စုဝန်ကြီးက ကင်ဆာရော ဂါဝေဒနာခံစားနေရသော လူနာများအနေဖြင့် ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကုသမှုများကို သက်သောင့်သက်သာရှိစွာဖြင့် ခံယူရရှိနိုင်ရန် ဆောင်ရွက်ခြင်းမှာ ဆေးပညာကျင့်ဝတ် နှင့်အညီဖြစ်ကြောင်း၊ ပြည်သူများ၏ ကင်ဆာရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာများ ကြွယ်ဝလာခြင်းဖြင့် ရောဂါ၏ ကနဦး လက္ခဏာများကိုသိရှိကာ စောစီးစွာ စစ်ဆေး၍ ကုသမှုခံယူနိုင်မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များထံ ကျန်းမာရေးအထောက်အကူပြု Mobile Tablet များ ဖြန့်ဝေလျက်ရှိပြီး ကျန်းမာရေးအသိပညာမြှင့်တင် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စသည်တို့ကို ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်အ တွင်း ကင်ဆာရောဂါအသစ် (လူနာသစ်) ဖြစ်ပွားသူ  ခုနစ်သောင်းနီးပါးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကင်ဆာရောဂါဖြစ်ပွားမှု မည်မျှရှိသည်ကိုv အတိအကျပြောနိုင်ရန် လူဦးရေအခြေပြုကင်ဆာရောဂါဖြစ်ပွားမှု မှတ်ပုံတင်ခြင်းကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးပြည်သူ့ဆေးရုံကြီးများတွင် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

WHO Global Health Estimates တွင် ဖော်ပြချက်အရ မကူးစက်နိုင်သောရောဂါများအနက် မြန်မာအမျိုးသားများတွင် သေဆုံးမှုနှုန်း အများဆုံးရောဂါမှာ နှလုံးသွေးကြောကျဉ်းရောဂါ ၃၉ ရာခိုင်နှုန်း၊ ကင်ဆာရောဂါ ၂၁ ရာခိုင်နှုန်း၊ အခြားနာတာရှည်ရောဂါများ၂၄  ရာခိုင်နှုန်း၊  နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ၁၂ ရာခိုင်နှုန်း၊ ဆီးချိုသွေးချိုလေးရာခိုင်နှုန်းခန့်ရှိပြီး အမျိုးသမီးများတွင် နှလုံးသွေးကြောကျဉ်းရောဂါမှာ ၄၅ ရာခိုင်နှုန်း၊ ကင်ဆာ၊  နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ၁၇ ရာခိုင်နှုန်းစီ၊ အခြားနာတာရှည်ရောဂါများ ၁၄ ရာခိုင်နှုန်း၊ ဆီးချိုသွေးချို ခုနစ်ရာခိုင်နှုန်းခန့်အထိရှိကြောင်း သိရသည်။

 

 


READ NEXT
Cancel OK