Top News

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်သည့် နောက်ဖေးလမ်းကြား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းတွင် QC အဖွဲ့က လုပ်ငန်းပြီးစီးကြောင်း တင်ပြသည့်နေ့မှာ မြေပြင်ကွင်းဆင်းသည့်နေ့ထက် စောနေ
24htopnews | October 20, 2024 10:12 PM CST

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်သည့် နောက်ဖေးလမ်းကြား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတွင် QC အဖွဲ့က လုပ်ငန်းပြီးစီးကြောင်း တင်ပြသည့်နေ့မှာ မြေပြင်ကွင်းဆင်းသည့်နေ့ထက် စောနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား လွှတ်တော်သို့ ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနက ဆောင်ရွက်တဲ့ နောက်ဖေးလမ်းကြား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၄၉ ခုအနက်၊ ၄၂ ခုဆောင်ရွက်မှုကို အရည်အသွေးစစ်ဆေးရန် ရွှေလက်ပွင့်ကုမ္ပဏီကို အပ်နှံခဲ့တယ်။ QC  ကုမ္ပဏီက ဌာနကို ၁၀၀ ရာခိုင်နှုန်းပြီးစီးကြောင်း တင်ပြတဲ့နေ့က QC အဖွဲ့မြေပြင်စစ်ဆေးတဲ့နေ့ထက် စောနေတယ်။ QC အဖွဲ့ကွင်းဆင်း စစ်ဆေးချက်နဲ့ မြေပြင်မှာ အမှန်ဆောင်ရွက်ထားတဲ့အတိုင်းအတာတွေ ကွဲလွဲနေတယ်” ဟု ဒေါ်ခင်သန်းလှက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်းများအနက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန အဖွဲ့အစည်းအသီးသီးမှ တစ်ရာရာခိုင်နှုန်း ပြီးစီးသဖြင့် စစ်ဆေးနိုင်သည့် လုပ်ငန်းပမာဏ တန်ဖိုး စုစုပေါင်း ကျပ် ၁၅၂၇၆၀ ဒသမ၂၉၈ သန်းတွင် အရည်အသွေးစစ်ဆေးခ ၂ ရာခိုင်နှုန်း ကျပ် ၂၇၇၈ ဒသမ ၈၁၉ သန်းကို ပေးချေထားသည်ကို တွေ့ရှိရကြောင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

QC အပ်နှံဂတိစာချုပ်တွင် ထည့်သွင်းချုပ်ဆိုသည့် အချက်များအပေါ် သက်ဆိုင်ရာ စာရင်းစစ်များ၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများအရ လုပ်ငန်းအပ်နှံပြီး ဆောက်လုပ်ရေးကုမ္ပဏီသည် သတ်မှတ်အရစ်အလိုက် ငွေထုတ်ယူခြင်းနှင့် အရည်အသွေး ကြီးကြပ်စစ်ဆေးရေးအဖွဲ့သို့ သတ်မှတ်ရာခိုင်နှုန်းအတိုင်း ပေးချေထားမှုမရှိခြင်းနှင့် ဌာနမှ ငွေထုတ်ယူသည့်ရက်နှင့် အရည်အသွေး ကြီးကြပ်စစ်ဆေးရေးအဖွဲ့သို့ နှစ်ရာခိုင်နှုန်း  QC စရိတ်ပေးချေသည့်ရက်များမှာ ကွာဟနေကြောင်း ဒေါ်ခင်သန်းလှကပြောကြားသည်။

“သာဓကအနေနဲ့ အားကစားနဲ့ ကာယပညာဦးစီးဌာန၊ ဒေါပုံအားကစားရုံ ရေကန်ပြုပြင်ခြင်း၊ ကြမ်းခင်းလောင်းခြင်းလုပ်ငန်း၊ ပွဲကြည့်စင်၊ ဘောလုံးကွင်း မြေသားပြုလုပ်ခြင်း၊ ရေမြောင်းပြုလုပ်ခြင်းနဲ့ အရာရှိအိမ်ယာ ရုံးခန်းဆောက်လုပ်ခြင်းတွေကို လုပ်ငန်းတစ်ရာရာခိုင်နှုန်းပြီးစီးမှ လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုဆိုပြီး အရည်အသွေးစစ်ဆေးခ နှစ်ရာခိုင်နှုန်းပေးချေထားမှုက ဆီလျော်မှု မရှိပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် လုပ်ငန်းစာချုပ် ချုပ်ဆိုရာတွင် အမှန်တကယ်စစ်ဆေးမည့် အစီအစဉ်၊ အစီစဉ်ပါ ဆောင်ရွက်မည့် လုပ်ငန်းပမာဏနှင့် ဝန်ဆောင်ခကို ထည့်သွင်းချုပ်ဆိုရန်၊ QC  လုပ်ငန်းအပေါ် အားကိုးအားထားပြုနိုင်ရန်အတွက် စစ်ဆေးတွေ့ရှိချက် မှတ်တမ်းအထောက်အထားများ၊ အစီရင်ခံစာများပါ သုံးသပ်ချက်၊ တွေ့ရှိချက်၊ ဆောက်လုပ်ရေးကုမ္ပဏီသို့ ပြန်လည်ဆောင်ရွက်စေမှု၊ ပြန်လည်စိစစ်ချက်များ၊ ဝန်ဆောင်ခရယူမှုများကို သက်ဆိုင်ရာ လုပ်ငန်းအပ်နှံသူဌာနသို့ ပြည့့်စုံစွာပေးပို့တင်ပြပြီး ဌာနတွင် ထိန်းသိမ်းထားရှိရန်၊ QC အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု ပိုမိုတိကျလုပ်ဆောင်နိုင်စေရန် စာချုပ်ပါ အရည်အသွေးကြီးကြပ်စစ်ဆေးရေးအဖွဲ့၏ တာဝန်ယူမှုအပိုင်းကို တာဝန်ရှိသူအနေဖြင့် သေချာစွာ ကြီးကြပ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

 

 


READ NEXT
Cancel OK