Top News

မန္တလေးတက္ကသိုလ်အတွင်း ကျောင်းသားများက သပိတ်စခန်းဖွင့်တောင်းဆိုဆန္ဒပြမှုမှာ အေးချမ်းစွာပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများကို လွန်စွာစိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ ထုတ်ပြန်
24htopnews | October 20, 2024 10:12 PM CST

မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနှင့်ပတ်သက်၍ လေးလကျော်သည်အထိ သက်ဆိုင်ရာ၏ အပြီးသတ်စုံစမ်းစစ်ဆေးမှုရလဒ် ထွက်ပေါ်လာခြင်းမရှိသေးသဖြင့် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဇန်နဝါရီ ၉ ရက် မှစ၍ တက္ကသိုလ်ပင်မဆောင်ရှေ့၌ သပိတ် စခန်းဖွင့် တောင်းဆိုဆန္ဒထုတ်ဖော်လျက် ရှိရာ အဆိုပါဆန္ဒထုတ်ဖော်မှုမှာ အေးချမ်းစွာ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများကို လွန်စွာစိတ်အနှောင့်အယှက် ဖြစ်စေသည်ဟု မန္တလေးတက္ကသိုလ်စီမံခန့်ခွဲ ရေးအဖွဲ့က ဇန်နဝါရီ ၁၀ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

သပိတ်မှောက်ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ် စီမံခန့်ခွဲရေး အဖွဲ့က အချက် ၁၀ ချက်ဖြင့် ထုတ်ပြန်ခဲ့ရာ မန္တလေးတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့သည် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာက ကျောင်းသားများစတင် ဆန္ဒထုတ်ဖော်စဉ်ကတည်းက တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် မိသားစု စိတ်ဓာတ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခု မန္တလေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သပိတ် ဦးဆောင်ကော်မတီ၏ တောင်းဆိုမှုများသည် မန္တလေးတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့က ဆုံးဖြတ်ပေးနိုင်သောအချက်များ မဟုတ်ကြောင်း၊ မန္တလေးတက္ကသိုလ်ကျောင်းသား များသမဂ္ဂမှ သပိတ်ဦးဆောင်ကော်မတီ၏ လုပ်ရပ်များသည် အေးချမ်းစွာပညာသင် ကြားနေသော ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများကို လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် မန္တလေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် တွေ့ဆုံဆွေးနွေးရန် စာဖြင့်သုံးကြိမ်ဖိတ်ကြားခြင်း၊ သွားရောက်တွေ့ဆုံဆွေးနွေးခြင်းတို့ လုပ်ဆောင်ခဲ့သော်လည်း ဆွေးနွေးပူးပေါင်းဆောင်ရွက်မှု မရရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၁၀ ရက်တွင် စီမံခန့်ခွဲရေးအစည်းအဝေးတက်ရောက်ရန် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကိုယ်စားလှယ်နှစ်ဦးကို ဖိတ်ကြား ခဲ့သော်လည်း တက်ရောက်ခဲ့ခြင်းမရှိကြောင်း၊  တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာ ပညာသင်ကြားရေးနှင့် မန္တလေးတက္ကသိုလ်၏ ဂုဏ်သိက္ခာထိခိုက် ညှိုးနွမ်းစေမည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေး သပိတ်ဦးဆောင်ကော်မတီနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ပါ စည်းကမ်းများအတိုင်း လိုက်နာရန်လိုအပ်ကြောင်း၊ မန္တလေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းပုံ စည်းမျဉ်းများအရ သပိတ်ဦးဆောင်ကော်မတီဝင်အချို့သည် မန္တလေးတက္ကသိုလ် ကျောင်းသားကျောင်းသူများ မဟုတ်သည့် အပြင် မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်အဖြစ်မှလည်း ပျက်ပြယ်ပြီး ဖြစ်ကြောင်း၊ မန္တလေးတက္ကသိုလ်စီမံခန့်ခွဲ ရေးအဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာပညာသင်ကြားရေးနှင့် မန္တလေးတက္ကသိုလ်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းထိခိုက်စေမည့်ကိစ္စရပ် များ မဖြစ်ပေါ်စေရေးအတွက် တက္ကသိုလ် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကို ဦးး စားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

အဆိုပါ မန္တလေးတက္ကသိုလ် စီမံခန့်ခွဲ ရေးအဖွဲ့၏ ကြေညာချက်ထုတ်ပြန်မှုနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ်ကျောင်းသား များ သမဂ္ဂဥက္ကဋ္ဌ ကိုဝေယံထက်က “တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စာကို ကျွန်တော်တို့လည်း တွေ့ပါတယ်။ သူ တို့ပြောသလို ကျွန်တော်တို့က သပိတ်မှောက် ဆန္ဒထုတ်ဖော်နေလို့ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ စိတ်အနှောင့်အယှက်ဖြစ်စရာဘာမှမရှိပါဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းစွာနဲ့စည်းကမ်းတကျ ဆန္ဒထုတ်ဖော်နေတာပါ။ သူတို့ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့က ကျောင်းထဲမှာရှိတဲ့ အဓိက လမ်းတွေ၊ ဝင်ပေါက်တွေကို ပိတ်ဆို့ထားတဲ့ အတွက် ကျောင်းသားကျောင်းသူတွေ၊ ဆရာ ဆရာမတွေ အခက်အခဲဖြစ်ကြတယ်။ စိတ်အနှောင့်အယှက်တွေဖြစ်ရတယ်။ သူတို့လုပ်ဆောင်ထားလို့ ကျောင်းသားကျောင်းသူတွေ နဲ့ ဆရာဆရာမတွေ စိတ်အနှောင့်အယှက်ဖြစ်စရာရှိတယ်။ ကျွန်တော်တို့ကြောင့် ဘာမှ စိတ်အနှောင့်အယှက်မဖြစ်ပါဘူး။ ကျွန်တော်တို့ မန္တလေးတက္ကသိုလ် ကျောင်းသား များသမဂ္ဂကတော့ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေမရမချင်း ဆက်လက်ပြီးတော့ သပိတ်မှောက်တောင်းဆိုဆန္ဒထုတ် ဖော်သွားမှာပါ” ဟု ပြောကြားသည်။

မန္တလေးတက္ကသိုလ်အတွင်း စားသောက်ဆိုင်တန်းဆောက်လုပ်ရာတွင် တက္ကသိုလ်ပါမောက္ခချုပ်က နိုင်ငံတော်သမ္မတ၏ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေများအား ချိုးဖောက်၍ တင်ဒါခေါ်ယူခဲ့ခြင်းမရှိဘဲ Oriental House ကို ဆောက်လုပ်ခွင့်ပြုပေးခဲ့ခြင်းကြောင့် ပွင့်လင်းမြင်သာမှုမရှိသဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလက တောင်းဆိုချက်ခုနစ်ချက်ဖြင့် ကျောင်းသား များက သပိတ်မှောက်တောင်းဆိုခဲ့ရာ ပညာ ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးခဲ့သော်လည်း လေးလကျော်ကြာမြင့်လာချိန်အထိ အပြီးသတ် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ပေးနိုင်ခြင်းမရှိသေးသဖြင့် ဇန်နဝါရီ ၉ ရက်တွင် သပိတ်စခန်းပြန်ဖွင့်၍ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားများက ပြောကြားသည်။

မန္တလေးတက္ကသိုလ်အတွင်း  Food Court ဆောက်လုပ်မှုနှင့်ပတ်သက်၍ သပိတ်မှောက်ဆန္ဒထုတ်ဖော်ရာတွင် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲဥပ ဒေများအား ဖောက်ဖျက်ကျူးလွန်သော မန္တ လေးတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အား အမြန်ဆုံးအရေးယူပေးရေး၊ မန္တလေး တက္ကသိုလ်ကို အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ်အလိုမရှိ၊ ပညာရေးဝန်ကြီး ဌာန၏ အချိန်ဆွဲ၍ဘက်လိုက်သော ဖြေရှင်းမှု အလိုမရှိ၊ မှန်ကန်မျှတသော အပြီးသတ်စုံ စမ်းစစ်ဆေးမှုရလဒ် အမြန်ဆုံးထုတ်ပြန်ပေးရေး အစရှိသည့် တောင်းဆိုချက်များဖြင့် မန္တလေးတက္ကသိုလ်အတွင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် တက္ကသိုလ်ပင်မဆောင်ရှေ့၌ သပိတ်စခန်းဖွင့်ဆက် လက်တောင်းဆိုလျက်ရှိကြောင်း သိရသည်။ အပြီးသတ်စုံစမ်းစစ်ဆေးမှုရလဒ် မထုတ် ပြန်မချင်း သပိတ်စခန်း ဆက်လက်ဖွင့်လှစ်ကာ တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသား များသမဂ္ဂမှ ကျောင်းသားများက ပြောကြား ခဲ့ကြသည်။ 


READ NEXT
Cancel OK