Top News

ရီးယဲလ်အသင်း၏ အသင်းသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ကစားသမားအဖြစ် မိုဒရစ် မှတ်တမ်းဝင်
24htopnews | October 20, 2024 11:12 PM CST

 

ရီးယဲလ်မက်ဒရစ်အသင်း ၀ါရင့်ကွင်းလယ်လူ လူကာမိုဒရစ်သည် အသင်းသမိုင်းတစ်လျှောက် အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အသက် ၃၉ နှစ်၊ ရက် ၄၀ ရှိပြီဖြစ်သူ မိုဒရစ်သည် အောက်တိုဘာ ၁၉ ရက်က ဆယ်လ်တာဗီဂိုအသင်းနှင့်ကစားသည့် လာလီဂါပွဲစဉ် ဒုတိယပိုင်း ၆၃ မိနစ်တွင် လူစားလဲဝင်ရောက်ပြီးနောက် အသင်းသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ပွဲကစားခွင့်ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ 

ယခင်က ရီးယဲလ်အသင်းအတွက် အသက်အကြီးဆုံးပွဲကစားခွင့်ရသူအဖြစ် စံချိန်တင်ထားသူမှာ ဟန်ဂေရီဂန္ထဝင်တိုက်စစ်မှူး ပွတ်ရှ်ကပ်စ်ဖြစ်ပြီး ၁၉၆၆ ခုနှစ် မေလတွင် ဘက်တစ်အသင်းနှင့်ကစားသည့် စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်၌ အသက် ၃၉ နှစ်၊ ၃၇ ရက်ဖြင့် စံချိန်တင်ထားသည်။ 

နှစ်ပေါင်း ၆၀ နီးပါး ကြာမြင့်နေပြီဖြစ်သည့် ယင်းစံချိန်ကို မိုဒရစ်က ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပြီး လူစားဝင်ပြီးနောက် သုံးမိနစ်အကြာမှာပင် ဗင်နီစီယပ်စ်သွင်းယူသည့် အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။ မိုဒရစ်သည် ပြီးခဲ့သည့်ဇူလိုင်တွင် တစ်နှစ်သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုထားပြီး ရီးယဲလ်အသင်းတွင် ၂၀၂၅ ခုနှစ် နွေရာသီအထိ ရှိနေမည်ဖြစ်သည်။ 

၎င်းသည် ၂၀၁၂ ခုနှစ် သြဂုတ်တွင် စပါးအသင်းမှ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၃ ရာသီအတွင်း ချန်ပီယံလိဂ် ခြောက်ကြိမ်၊ လာလီဂါလေးကြိမ်အပါအဝင် အဓိကဆုဖလား ၂၇ လုံး ဆွတ်ခူးရရှိထားပြီး အသင်းသမိုင်းတစ်လျှောက် ဆုဖလားအများဆုံး ကစားသမားအဖြစ်လည်း စံချိန်တင်ထားသည်။


READ NEXT
Cancel OK