Top News

၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာပါအချက်များနှင့်ပတ်သက်ပြီး ရန်ကုန်စည်ပင်အနေဖြင့် ဖြေရှင်းရန်အသင့်ရှိကြောင်း မြို့တော်ဝန်ပြောကြား
24htopnews | October 21, 2024 8:12 AM CST

၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ် အစီရင် ခံစာပါအချက်များနှင့်ပတ်သက်ပြီး ရန်ကုန် စည်ပင်အနေဖြင့် ဖြေရှင်းရန်အသင့်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဇန်နဝါရီ ၁၃ရက်က မြို့တော်ခန်းမတွင် လစဉ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“စာရင်းစစ်ချုပ်ရဲ့ ၂၀၁၇-၂၀၁၈ အစီ ရင်ခံစာကို အခုလွှတ်တော်မှာဖတ်နေပါတယ်။ အဲဒီဟာတွေမှာ အချို့ကိစ္စတွေက ကျွန်တော်တို့ ဖြေရှင်းပြီးသားတွေပါ။ သို့သော်လည်း ဖတ်နေတယ်။ အဲဒီတော့ တက်လာရင်လည်း ကျွန်တော်တို့က ပြန်ပြီးတော့ဖြေရှင်းဖို့အဆင်သင့်ရှိပါတယ်။ ၂၀၁၇-၂၀၁၈ ဆိုရင်ကြာသွား ပြီ။ ပြီးရင် ၂၀၁၈ မီနီဘတ်ဂျက်ရှိသေးတယ်။ ၂၀၁၈-၂၀၁၉ ကလည်း ပြီးသွားပြီ။ အခုဆိုရင် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ကို ရောက်နေတဲ့အ တွက်ကြောင့် တော်တော်ကို ကြာသွားပြီဖြစ်တဲ့အတွက် ပြီးတော့ပြီးသွားပြီ။ သို့သော်လည်း ရှင်းစရာရှိတာကိုတော့ ရှင်းပါ့မယ်။ ဒါကို သင်ခန်းစာယူပြီးတော့ ဒီ့ထက်ကောင်းအောင် လုပ်ဖို့ အစီအစဉ်ရှိပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စာရင်း စစ်ချုပ်အစီရင်ခံစာတွင် ရန်ကုန်ကမ်းနားလမ်း ညစျေးတန်းတွင် နေရာချထားသည့် စျေးသည်ဦးရေ၏ ရာခိုင်နှုန်း ၃၀ ကျော်သာ စျေးရောင်းမှုရှိပြီး စျေးစည်ကားမှုမရှိဘဲ စျေးများဌာန၏ စည်းကမ်းထိန်းသိမ်းမှုအားနည်းချက်ကြောင့် ရလဒ်ကောင်းမရရှိကြောင်း ဖော်ပြထားသည်။

ရန်ကုန်ကမ်းနားလမ်း ညစျေးတန်းမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ စျေးတည်ဆောက်မှုအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် သာမန် + ငွေလုံးအသုံးစရိတ် ကျပ်သန်း ၁၅၄၇ ဒသမ ၆၄၆၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သာ မန်အသုံးစရိတ် ကျပ်သန်း ၂၁ ဒသမ ၄၇၂ သုံးစွဲခဲ့ပြီး ၃/၂၀၁၇ မှ ၃/၂၀၁၈ အထိ သန့် ရှင်းရေးခွန်၊ ရေဖိုးရေခနှင့် သန့်စင်ခန်းငှားရမ်းခ ကျပ်သန်း ၁၁၄ ဒသမ ၄၈၂ ကောက်ခံရရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ စျေးများဌာနလက်အောက်ရှိ စျေးများအဆောက်အဦး/မြေနေရာငှားရမ်း မှုများနှင့်စပ်လျဉ်း၍ ငှားရမ်းခနှုန်းထားများ ခေတ်ကာလနှင့် ဆီလျော်မရှိသဖြင့် လျော့နည်းနစ်နာမှုများရှိကြောင်း အစီရင်ခံစာအရ သိရသည်။

ရန်ကုန်မြို့တော်စည်ပင်က ဆောင်ငွေ ကျပ်သန်း ၁၀၀ သုံးစွဲမှုကို ဘဏ္ဍာရေးစည်းမျဉ်း နှင့်မညီကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာ တွင် ဖော်ပြထားမှုနှင့်ပတ်သက်ပြီး  မြို့တော်ဝန် ဦးမောင်မောင်စိုးက “အဲဒါက တကယ် တမ်းကျတော့ ကျွန်တော်တို့က ငွေသုံးစွဲမှုမရှိဘူး။ အသေးသုံးစွဲဖို့တို့ ကြိုတင်သုံးဖို့တော့ မရှိဘူး။ သို့သော်လည်း ဌာနအရ ကြိုတင် စရိတ်က ရှိတယ်။ အရေးပေါ်မှာကျရင် ဒီအတွက် ပြင်ဆင်ရတာရှိတယ်။ အဲဒီအတွက်ထားတာ။ ဘာလို့ဆိုတော့ အမှိုက်ကားတစ်ခုခု ပျက်သွားသည်ဖြစ်စေ အဲဒီပြင်ဖို့အတွက် Sanction တောင်းနေရင် ဟိုမှာတစ်ရက် နှစ်ရက်လောက်ဆိုရင် ရန်ကုန်မြို့ရဲ့ အမှိုက်တန် ချိန်က တစ်နေ့ တန် ၂၅၀၀ လောက် ထွက်တယ်။ တစ်ရက်ပျက်လိုက်တာနဲ့ ခေါင်းထဲမှာ စဉ်းစားကြည့် လုံးဝမရဘူး။ အဲဒီအခြေအနေမျိုးမှာ ဒါကို ကြိုတင်ငွေအနေနဲ့ ကိုင်ထားတာ ပါ”ဟု ပြောကြားသည်။

ထို့ပြင် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် အတွင်းရှိ မြေနေရာအား Natural World ကုမ္ပဏီသို့ ငှားရမ်းရာတွင် မြေငှားရမ်း ခရငွေ ကျပ် ၁၀ ဘီလျံကျော်လျော့နည်းကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ ရှိချက်အစီရင်ခံစာ (အကျဉ်းချုပ်) များအရ သိရသည်။

စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဒဂုံ မြို့နယ်အတွင်းရှိ ပြည်သူ့ဥယျာဉ် မြေဧရိယာ ၇၆ ဒသမ ၃၆ ဧကအား Recreation Zone နှင့် Relaxation Zone ဖြစ်စေရန် ရည်ရွယ်ပြီး ၂၀၀၉ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၃၄ ခုနှစ် မတ် ၃၁ ရက်အထိ Natural World ကုမ္ပဏီသို့ ၂၅ နှစ် နှစ်ရှည်ငှားရမ်းခဲ့ကြောင်း၊ ငှာနမှ မြေဧရိယာ ၇၆ ဒသမ ၃၆ ဧကအနက် ၁၃ ဒသမ ၇၆၈ ဧကအတွက်သာ အငှားဧကသတ်မှတ်၍ ငှားရမ်းခဲ့ပြီး ဧက ၁ ဒသမ ၂ ကို ကုမ္ပဏီမှ အသုံးပြုထားလျက် ငှားရမ်းမှုတွင် ပါဝင်မှုမရှိ သဖြင့် ငှာနသတ်မှတ်နှုန်းရပင်လျှင် တစ်နှစ် ငှားရမ်းခ ကျပ် ၂၀၇ ဒသမ ၄၁၅ သန်း လျော့နည်းနေကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာ အရ သိရသည်။


READ NEXT
Cancel OK