Top News

မြို့သစ်စီမံကိန်းအတွက် တိုင်းအစိုးရရင်းနှီးမြှုပ်နှံငွေသည် သာမန်ဘတ်ဂျက်မှ သုံးစွဲခြင်းမဟုတ်ဘဲ ကြွေးမြီဘတ်ဂျက်အဖြစ် သုံးစွဲထားခြင်းဖြစ်သည့်အတွက် ဝင်ငွေပြန်လည်ရရှိရန် လိုအပ်
24htopnews | October 21, 2024 8:12 AM CST

မြို့သစ်စီမံကိန်းအတွက် တိုင်းအစိုး ရင်းနှီးမြှုပ်နှံငွေသည် သာမန်ဘတ်ဂျက်မှ သုံးစွဲ ခြင်းမဟုတ်ဘဲ ကြွေးမြီဘတ်ဂျက်အဖြစ် သုံးစွဲ ထားခြင်းဖြစ်သည့်အတွက် ဝင်ငွေပြန်လည်ရရှိရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ၊ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

ဇန်နဝါရီ ၁၃ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်းပြီး ပြည်သူ့ငွေ စာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအား ဦးတင့်လွင်က လွှတ်တော်သို့တင်ပြရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံ ငွေက သာမန်ဘတ်ဂျက်က သုံးစွဲခြင်းမဟုတ်ဘဲ အဖွဲ့အစည်းများတွင် ရင်းနှီးမြှုပ်နှံငွေ ခေါင်းစဉ်နဲ့ ကြွေးမြီးဘတ်ဂျက်အဖြစ် သုံးစွဲထားတာဖြစ်တဲ့အတွက် ကာလအတိုင်းအတာ တစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရချက် သို့မဟုတ် ဝင်ငွေပြန်လည်ရရှိမှု ပေါ်ပေါက်ရန် လိုုအပ်ပါတယ်”ဟု ဦးတင့်လွင်က ပြောကြားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေ၏ အဖွဲ့အစည်းများတွင် ရင်းနှီးငွေ ခေါင်းစဉ်မှ ကျပ် ၁၀ ဘီလျံဖြင့် တည်ထောင်ထားသော NYDC ၏ရည်ရွယ်ချက်သည် ကောင်းမွန်သော်လည်း အဓိကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့သစ် စီမံကိန်းမှာ MIC နှင့် PPP Center များသို့ တင်ပြရာတွင် လွှတ်တော်၏ သဘောထားမှတ်ချက်ရယူခဲ့ပြီးဖြစ်သော်လည်း Developer များ ပြောင်းလဲသွားခြင်းနှင့် စီမံကိန်းဆောင်ရွက်မှုပုံစံများ ပြောင်းလဲသွားခြင်းတို့ကြောင့် ဒုတိယအကြိမ်လွှတ်တော်သို့ အသေးစိတ်ပြန် လည်တင်ပြရန်လိုအပ်သည့်အကြောင်းကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် ဒေသန္တရစီမံကိန်း ဥပဒေကြမ်းများတင်သွင်းသည့်အခါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး တင်ပြခဲ့ကြသဖြင့် ထိုသို့ဆောင်ရွက်ရန် လိုအပ်သည် ကြောင်း ဦးတင့်လွင်ကပြောကြားသည်။

“ကုမ္ပဏီရဲ့ တင်ပြချက်အရ ယင်းစီမံကိန်းအတွက် မြေသိမ်းလုပ်ငန်းများ ဆောင်ရွက်နေခြင်း၊ အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြထားပြီး ခွင့်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိခြင်း၊ Master Developer အနေ နဲ့ Swiss Challange ခေါ်ယူရန် အဆင်သင့် ဖြစ်နေခြင်းတို့ကို သိရှိရပေမဲ့ စီမံကိန်းရည် မှန်းချက်ပြည့်ဝဖို့ ခိုင်မာတဲ့ဆောင်ရွက်ချက် များကို လုပ်ဆောင်ခွင့်မရသေးဘဲ စီမံကိန်း အကြိုလုပ်ငန်းများနဲ့ စီမံခန့်ခွဲမှုစရိတ်များအတွက် ရင်းနှီးမြှုပ်နှံငွေရဲ့ ၁၂ ရာခိုင်နှုန်းကျော် ကို သုံးစွဲပြီးဖြစ်နေကြောင်း စာရင်းစစ်၏ စိစစ်တွေ့ရှိချက်များအရ သိရပါတယ်” ဟု ဦးတင့် လွင်က ပြောကြားသည်။

ထို့ပြင် စီမံကိန်းပင် မစတင်နိုင်သေးဘဲ ရှိရာ ကာလထပ်မံကြာမြင့်သည်နှင့်အမျှ ရင်းနှီးမြှုပ်နှံငွေထဲမှ ပိုမိုလျော့ကျသွားနိုင်သောအခြေအနေ ပေါ်ပေါက်လျက်ရှိကြောင်း ဦးတင့်လွင်က ပြောကြားသည်။


READ NEXT
Cancel OK