Top News

ဥတ္တရသီရိမြို့နယ်တွင် မိသားစုလိုက် သတ်ဖြတ်ကာ လုယက်မှုကျူးလွန်ခဲ့သူ လေးဦးအား သေဒဏ်နှင့် ထောင်ဒဏ် အသီးသီးကျခံစေရန် တရားရုံးက အမိန့်ချမှတ်
24htopnews | October 21, 2024 12:12 PM CST

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်တွင် မိသားစုလိုက် သတ်ဖြတ်ကာ လက်ကိုင်ဖုန်းများနှင့် မော်တော်ယာဉ်တစ်စီး လုယက်ယူဆောင်သွားသူ၊ ပါဝင်ပတ်သက်သူ တရားခံများအပေါ် သေဒဏ်၊ ထောင်ဒဏ်များ အသီးသီးကျခံစေရန် တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

သြဂုတ် ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းတွင် နေထိုင်သော ဦးသန်းနိုင်ထွန်း၊ ဇနီးဖြစ်သူ ဒေါ်စောသန္တာဦးနှင့် သားဖြစ်သူ ရွှေအုပ်စိုးတို့မှာ နေအိမ်အတွင်း၌ ဒဏ်ရာများဖြင့် သွေးအိုင်ထဲတွင် လဲကျသေဆုံးနေပြီး ၎င်းတို့ကိုင်ဆောင်သည့် လက်ကိုင်ဖုန်း သုံးလုံးနှင့် မော်တော်ယာဉ် တစ်စီးတို့မှာလည်း ပျောက်ဆုံးနေသောအမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါအမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဘုရားကုန်းမြို့မရဲစခန်း (ပ) အမှတ် ၃၉/၂၀၂၄ ဖြင့် အမှု ဖွင့်လှစ်စုံစမ်းစစ်ဆေးခဲ့ပြီး တရားခံ ရဲထက်ကျော် (ခ) ကိုချစ်၊ ကျော်အေး (ခ) ပသိုင်း၊ ကျော်သူနှင့် နန်းကိုသူ (ခ) နန်းမောင်တို့ လေးဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄/၃၄၊ ၂၀၁၊ ၂၀၂/၁၀၉ တို့ဖြင့် ဥတ္တရခရိုင်တရားရုံးသို့လည်းကောင်း၊ ကလေးသူငယ်တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော်အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄/၃၄ တို့ဖြင့် ဥတ္တရသီရိမြို့ နယ်တရားရုံးသို့လည်းကောင်း တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။

ထိုအမှုများအား ဥတ္တရခရိုင်တရားရုံးက ရာဇဝတ်ကြီးမှုအမှတ် ၃၃/၂၀၂၄ ဖြင့်လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်တရားရုံးက ကလေးသူငယ် ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၄ ဖြင့်လည်းကောင်း လက်ခံစစ်ဆေးပြီးနောက် အောက်တိုဘာ ၈ ရက်တွင် တရားခံရဲထက်ကျော် (ခ) ကိုချစ်အပေါ် ဦးသန်းနိုင်ထွန်းအား ကြိုတင်ကြံရွယ်ချက်ဖြင့် သတ်ဖြတ်ပြီး သေစေသည့်အတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်၊ ဒေါ်စောသန္တာဦးအား ကြိုတင်ကြံရွယ်ချက်ဖြင့် သတ်ဖြတ်ပြီး သေစေသည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်၊ ရွှေအုပ်စိုးအား ကြိုတင်ကြံရွယ်ချက်ဖြင့် သတ်ဖြတ်ပြီး သေစေသည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ) အရ သေဒဏ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် ၂၀ နှစ်၊ တရားခံနန်းကိုသူ(ခ)နန်းမောင်အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ)/၁၀၉ အရ သေဒဏ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၀၉ အရ ထောင်ဒဏ် ၁၀ နှစ်၊ တရားခံကျော်အေး(ခ)ပသိုင်းအပေါ် ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့်ထောင်ဒဏ် ခြောက်လ၊ တရားခံကျော်သူအပေါ် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့်ထောင်ဒဏ် ခြောက်လတို့ အသီးသီးကျခံစေရန် ဥတ္တရခရိုင်တရားရုံးမှ အမိန်ချမှတ်လိုက်ကြောင်း သိရသည်။

ထို့အပြင် ကလေးသူငယ်တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော်အပေါ် ဦးသန်းနိုင်ထွန်း၊ ဒေါ်စောသန္တာဦး၊ ရွှေအုပ်စိုးတို့အား သေစေသည့်အတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်သော ပြစ်ဒဏ် သုံးရပ်ကို တစ်ပြိုင်တည်း ကျခံစေရန်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် သုံးနှစ်အား သီးခြားကျခံစေရန် ဥတ္တရသီရိမြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK