Top News

လာလီဂါပွဲ (၂၀၀)ပြည့်သည့် ပထမဆုံးအီတလီလူမျိုးနည်းပြအဖြစ် အန်ဆယ်လော့တီ မှတ်တမ်းဝင်ခဲ့ပြီး ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို လိုက်မီရန် တစ်ပွဲသာလိုအပ်
24htopnews | October 21, 2024 5:12 PM CST

ရီးယဲလ်မက်ဒရစ်အသင်း၏ အီတလီလူမျိုးဝါရင့်နည်းပြကြီး အန်ဆယ်လော့တီသည် ဆယ်လ်တာဗီဂိုအသင်း အားအနိုင်ရသည့် လာလီဂါပွဲစဉ်အား ကိုင်တွယ်ခဲ့ပြီးနောက် နည်းပြဘဝ လာလီဂါပွဲ (၂၀၀)ပြည့်မြောက်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ယင်းပွဲမှတ်တမ်းကိုပိုင်ဆိုင်သည့် ပထမဆုံး အီတလီလူမျိုးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

အသက် (၆၅)နှစ်အရွယ်ရှိ အန်ဆယ်လော့တီသည် ရီးယဲလ်မက်ဒရစ်အသင်းအား ဒုတိယအကြိမ်နှင့် (၆)ရာသီမြောက်ကိုင်တွယ်ခဲ့ပြီးနောက် လာလီဂါပွဲ (၂၀၀)ပြည့်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

အန်ဆယ်လော့တီသည် ရီးယဲလ်မက်ဒရစ်အသင်းအား ပထမအကြိမ်ကိုင်တွယ်စဉ်က (၂၀၁၃ ဇွန်မှ ၂၀၁၅ မေအထိ) လာလီဂါပွဲစဉ် (၇၆)ပွဲနှင့် ယခုဒုတိယအကြိမ် (၂၀၂၁ ဇွန်မှ လက်ရှိအထိ)တွင် (၁၂၄)ပွဲကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။

အန်ဆယ်လော့တီသည် ရီးယဲလ်မက်ဒရစ်အသင်းအား လာလီဂါပွဲ (၂၀၀)ကိုင်တွယ်ခဲ့ရာတွင် (၁၄၃) ပွဲနိုင်၊ (၃၃) ပွဲသရေ၊ (၂၄)ပွဲရှုံးရလဒ်ကို ရရှိခဲ့ပြီး လာလီဂါချန်ပီယံဆု (၂)ကြိမ် (၂၀၂၁-၂၂၊ ၂၀၂၃-၂၄) ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရီးယဲလ်အသင်းသည် အန်ဆယ်လော့တီ ကိုင်တွယ်ခဲ့သည့် (၅)ရာသီအတွင်း အဆင့် (၂)ပြင်ပသို့ တစ်ကြိမ်သာရောက်ရှိခဲ့ပြီး ပထမဆုံးကိုင်တွယ်သည့် ၂၀၁၃-၁၄ ရာသီတွင် အဆင့် (၃)နေရာဖြင့် ရာသီသိမ်းခဲ့ခြင်းဖြစ်သည်။

အန်ဆယ်လော့တီသည် လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲ (၂၀၀)ပြည့်သည့် ပထမဆုံးအီတလီလူမျိုးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ဂန္ထဝင်နည်းပြကြီး မီဂွယ်လ်မူနော့ဇ် (၄၂၄ ပွဲ)၏နောက် ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် လာလီဂါပွဲစဉ် (၂၀၀)ပြည့်ကိုင်တွယ်သည့် ဒုတိယမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။

အန်ဆယ်လော့တီသည် ရီးယဲလ်အသင်းနှင့်အတူ စံချိန်မှတ်တမ်းများစွာတင်ရှိခဲ့သလို၊ ရီးယဲလ်အသင်းအား (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၃၀၄)ပွဲကိုင်တွယ်ခဲ့ရာတွင် (၂၁၉)ပွဲအနိုင်ရရှိခဲ့ပြီး အနိုင်ရာခိုင်နှုန်း (၇၃%) အထိရှိခဲ့ကာ အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံပွဲ (၂၀၀) နှင့်အထက် ကိုင်တွယ်ခဲ့သူများထဲတွင် အနိုင်ရာခိုင်နှုန်း အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

အန်ဆယ်လော့တီသည် ရီးယဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ် (၃)ကြိမ်၊ လာလီဂါ (၂)ကြိမ်အပါအဝင် မေဂျာဆုဖလား (၁၄)လုံးအထိ ရယူနိုင်ခဲ့ပြီး မူနော့ဇ် (၁၄ လုံး)နှင့်အတူ အအောင်မြင်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်သည်။

ဆယ်လ်တာဗီဂိုအသင်းအား အနိုင်ရရှိသည့်ပွဲအပြီးတွင် အန်ဆယ်လော့တီလက်ထက် ရီးယဲလ်မက်ဒရစ်အသင်း၏ လာလီဂါပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းမှာ (၄၂)ပွဲအထိ ရှိလာခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲဆက်အများဆုံး ရှုံးပွဲမရှိစံချိန်တင်ထားသည့် မဟာပြိုင်ဘက် ဘာစီလိုနာ၏စံချိန် (၄၃ ပွဲ)ကို လိုက်မီရန် တစ်ပွဲသာလိုအပ်တော့ကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် လာမည့်ရက်သတ္တပတ်တွင် လာလီဂါပွဲစဉ် (၁၁)အဖြစ် ဘာစီလိုနာအသင်းနှင့် El Clàsico အိမ်ကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲတွင် မရှုံးနိမ့်အောင်ကစားခဲ့ပါက ဘာစီလိုနာ၏စံချိန်အား လိုက်မီနိုင်မည်ဖြစ်သည်။

အန်ဆယ်လော့တီသည် ရီးယဲလ်အသင်းနှင့် ၂၀၂၆ နွေရာသီအထိ စာချုပ်သက်တမ်းကျန်ရှိနေသူဖြစ်ပြီး ယခုရာသီတွင် ဆုဖလားများရယူနိုင်ပါက စံချိန်မှတ်တမ်းသစ်များ ထပ်မံပိုင်ဆိုင်နိုင်မည်ဖြစ်သည်။


READ NEXT
Cancel OK