Top News

ပြည်တွင်းသို့ အသင့်ထုပ်ပိုးစားသောက်ကုန်များ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လျက်ရှိပြီး ယင်းလုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲများစွာရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
24htopnews | October 21, 2024 9:12 PM CST

 

ပြည်တွင်းသို့ အသင့်ထုပ်ပိုး စားသောက်ကုန်များ တရားမဝင်လမ်းကြောင်းများ မှတစ်ဆင့် ဝင်ရောက်လျက်ရှိပြီး ယင်း လုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိနေကြောင်း နိုဝင်ဘာ ၂၃ရက်က ကျင်းပပြုလုပ်ခဲ့သော(၂၇)ကြိမ်မြောက် အသင့်ထုပ်ပိုးစားသောက်ကုန် လုပ်ငန်းဆိုင်ရာ အစည်းအဝေးတွင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။

“အစားအသောက်တွေမှာ အဆီ၊ အငန်၊ သကြားနဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်မှုပမာဏကိုသတိမပြုမိဘဲ  လွန်ကဲစွာ စားသုံးနေခြင်းကြောင့် မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်ပွားနှုန်းက မြင့်တက်လာနေပါတယ်။ ဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူတွေ စားသောက်ကုန်ဆိုင်ရာ ကျန်းမာရေးအသိပညာတွေ ကြွယ်ဝဖို့ ဘက်စုံကြိုးပမ်းလုပ်ဆောင်နေပါတယ်။ ကျန်းမာရေးအသိပညာ ကြွယ်ဝရင် ပြည်သူတွေအနေနဲ့ အရည်အသွေးမပြည့်မီတဲ့ ဘေးဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို စားသုံးခြင်းက သတိပြုရှောင် ကြဉ်လာကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှာ အိမ်တွင်းလုပ်ငန်းငယ်တွေကစပြီး စားသောက်ကုန်  လုပ်ငန်းကြီးတွေအထိ အသင့်ထုပ်ပိုးစားသောက်ကုန်တွေကို ထုတ်လုပ်နေသလို တရားမဝင်လမ်းကြောင်းတွေကတဆင့် စားသောက်ကုန်ပစ္စည်း တွေကဝင်ရောက်နေပါတယ်။ ထို့အတူ အသင့်ထုပ်ပိုး စားသောက်ကုန်တွေနဲ့ ပတ်သက်ပြီး လုပ်ငန်းကဏ္ဍကလည်း လွန်စွာကျယ်ပြန့်ပြီး အခက်အခဲနဲ့ စိန်ခေါ်မှုတွေကများစွာ ရှိနေပါတယ်” ဟုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အသင့်ထုပ်ပိုးစားသောက်ကုန် လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်း စိတ်ချရသော အသင့်ထုပ်ပိုး စားသောက်ကုန်များ ရရှိစေရန်အတွက် အာဆီယံဒေသတွင်း လိုက်နာရမည့် စံချိန်စံညွှန်းများ (ASEAN Standards)  ချမှတ်နိုင်ရေး၊ အာဆီယံဒေသတွင်း အစားအသောက်များစစ်ဆေးသော ဓာတ်ခွဲခန်းများအဆင့်မီစေရေး၊ အာဆီယံ ဒေသတွင်းကုန်သွယ်မှုများ လျင်မြန်ချောမွေ့စေရန် အပြန်အလှန်အသိအမှတ်ပြု သဘောတူညီချက်များ (Mutual Recognition Agreement) ချမှတ်နိုင်ရေးနှင့် အသင့်ထုပ်ပိုး အစားအသောက်များ သန့်ရှင်းမှုဆိုင်ရာ အပြန်အလှန်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသည့်စနစ် ပေါ်ပေါက်လာရေးတို့ အတွက်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စားသောက်ကုန်များနှင့် ပတ်သက်၍ အာဆီယံဒေသတွင်း လိုက်နာရမည့် စံချိန်စံညွှန်းများကို ပြည့်မီစေရန် နိုင်ငံ၏ ဘဏ္ဍာငွေ၊ ကျွမ်းကျင် ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ ရရှိမှု၊ စားသောက်ကုန်များစစ်ဆေးရန် ခေတ်မီစက်ကိရိယာများနှင့် ဓာတ်ခွဲခန်းများရှိမှု၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ကူညီပံ့ပိုးပေးနိုင်မှု၊ နိုင်ငံ၏စားသောက်ကုန်ဆိုင်ရာမူဝါဒ စသည့်အခြေအနေများ အပေါ်မူတည်၍ အဆင့်လိုက် အပိုင်းလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။ 


READ NEXT
Cancel OK