Top News

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မျဉ်းတွင် နေထိုင်နေကြသည့် ဘင်္ဂါလီများ ပြန်ဝင်လာရေးနှင့် ပတ်သက်၍ သွားရောက်ညှိနှိုင်းရန် မရှိကြောင်း သိရ
24htopnews | October 21, 2024 9:12 PM CST

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းတွင် နေထိုင်နေကြသည့် ဘင်္ဂါလီများ ပြန်ဝင်လာရေးနှင့် ပတ်သက်၍ သွားရောက်ညှိနှိုင်းရန် မရှိကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရသည်။

နှစ်နိုင်ငံနယ်စပ်မျဉ်းတွင် ဘင်္ဂါလီ ၅၀၀၀ ကျော်နေထိုင်နေပြီး ၎င်းတို့ စတင်တဲထိုး နေထိုင်ကတည်းက အဆိုပါ နယ်စပ်မျဉ်းတွင် လူနေထိုင်ခွင့် မရှိကြောင်းနှင့် နေရပ်သို့ ပြန်လည်ဝင်ရောက်နိုင်ကြောင်း မြန်မာအစိုးရဘက်မှ တာဝန်ရှိသူများ အသိပေး ပြောဆိုခဲ့သော်လည်း ဘင်္ဂါလီများက ငြင်းဆိုနေကြကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ နယ်စပ်မျဉ်းတွင် နေထိုင်နေကြသူများအား သွားရောက်ညှိနှိုင်းရန် အစီအစဉ် ရှိ မရှိ သတင်းမီဒီယာများက နိုဝင်ဘာ ၁၆ ရက်က မေးမြန်းမှုကို မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ကျွန်တော်တို့ အနေအထားနဲ့တော့ သွားရောက်ညှိနှိုင်းစရာ မရှိပါဘူး။ Border Line ဆိုတာက အဲဒီထဲမှာ ဘယ်သူမှ မနေရဆိုတဲ့ ဥပဒေပါပြီးသားပါ။ ပါပြီးသားဖြစ်ပေမယ့် နိုင်ငံတော်က အင်မတန်မှ လျှော့ချထားပြီးတော့ ဒီလူတွေကို သဘောထားကြီးစွားနဲ့ ထားထားတာ။ Border Line ထဲမှာ မည်သည့် အဆောက်အအုံမှ မဆောက်ရဆိုတဲ့ ဥပဒေရှိပြီးသားပါ။ အဲဒီတော့ သွားရောက် ညှိနှိုင်းဖို့တော့ မရှိပါဘူး။ လောလောဆယ်လည်း ညွှန်ကြားချက် မရှိသေးပါဘူး” ဟုဆိုသည်။

နယ်စပ်မျဉ်းတွင် နေထိုင်နေကြသည့် ဘင်္ဂါလီများက နိုင်ငံသားကတ်ရမှ ပြန်လာမည်ဟု သတင်းမီဒီယာများကို ပြောဆိုထားပြီး မြန်မာအစိုးရမှ ပြန်လည်လက်ခံရေး ဆောင်ရွက်နေသည်ကို ငြင်းဆိုထားသည်။

နေရပ်စွန့်ခွာ သွားသူတွေထဲမှ ပထမအသုတ်အနေဖြင့် ၂၀၀၀ ကျော်ကို နိုဝင်ဘာ ၁၅ ရက်က စတင်ကာ ပြန်လည် လက်ခံရန်အတွက် နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာဘက်မှ အဆင်သင့် ဆောင်ရွက်ခဲ့သော်လည်း ပြန်လည်ဝင်ရောက်လာသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နေရပ်စွန့်ခွာ ထွက်ပြေးသူများ ပြန်လက်ခံရေး အစီအစဉ်ကို ရွှေ့ဆိုင်းထားကြောင်း သိရသည်။

နေရပ်စွန့်ခွာသူ ဘင်္ဂါလီများအနေဖြင့် နိုင်ငံသား အခွင့်အရေးနှင့် နိုင်ငံတကာ လုံခြုံရေးဖြင့် ပြန်လာခွင့်ပြုရေးတို့အား တောင်းဆိုထားချက်နှင့် ပတ်သက်၍  မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်သည့်အတွက် ဥပဒေအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာ လုံခြုံရေးဖြင့် ဝင်ရောက်ရေး တောင်းဆိုချက်အား လက်ခံနိုင်ခြင်း မရှိကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က သတင်းမီဒီယာများအား နိုဝင်ဘာ ၁၆ ရက်က ပြောကြားသည်။

“သူတို့တောင်းဆိုတဲ့ အချက်တွေက မဖြစ်နိုင်တဲ့ အချက်တွေပဲ တောင်းဆိုတာ။ သူတို့က နိုင်ငံသားကတ် ထုတ်ပေးရေး ဆိုတဲ့အခါ နိုင်ငံသားကတ်ရဖို့က နိုင်ငံသားဥပဒေ သတ်သတ်ရှိတယ်။ ဥပဒေမှာ ဘောင်ဝင်တယ်ဆိုရင် ဥပဒေအတိုင်း နိုင်ငံသားကတ်ရမယ်။ ဝင်ရောက်လာသူတွေ အားလုံးကို နိုင်ငံသားကတ်ရဖို့က ဥပဒေနဲ့မညီရင် ဘယ်လိုမှ ပေးလို့မရဘူး။ နောက်တစ်ခါ နိုင်ငံတကာ လုံခြုံရေးနဲ့မှ လာရောက် နေပါမယ် ဆိုတာ ကျွန်တော်တို့ နိုင်ငံသည် အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ သူတို့ရဲ့ လုံခြုံရေးကိုလည်း အားလုံးတာဝန်ယူလို့ရတယ်။ တာဝန်ယူတယ်လို့ ပြောထားပြီးသား။ အဲဒီအတွက် နိုင်ငံတကာက လုံခြုံရေးနဲ့မှ လာဖို့ဆိုတာက ကျွန်တော်တို့နိုင်ငံသည် ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့ နိုင်ငံသည် အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံဖြစ်တယ်။ သူတို့က အဲဒီအချက်ကြောင့် မဝင်တာပေါ့။ ကျွန်တော်တို့ကလည်း လိုက်လျောဖို့မရှိဘူး” ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆိုသည်။

မြန်မာအစိုးရက ဘင်္ဂါလီပြန်လည်လက်ခံရေးအား ဇန်နဝါရီလကတည်းက ပုံမှန်အတိုင်း ဆောင်ရွက်နေပြီး  ပြန်လာမည့်သူများအား လက်ခံရေးစခန်း၌ NVC ကို ထုတ်ပေးမည်ဖြစ်ကာ သတ်မှတ်ထားသည့် ဥပဒေအတိုင်း နိုင်ငံသား လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် ပြန်လည်ဝင်ရောက်လာသူများအတွက် လုံခြုံရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေး၊ ပညာရေးတို့ကို စီစဉ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုအတွင်း မောင်တောခရိုင်အတွင်းမှ ဘင်္ဂါလီငါးသိန်းကျော် နေရပ်စွန့်ခွာသွားကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 


READ NEXT
Cancel OK