Top News

အစိုးရသစ်လက်ထက် ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့သဖြင့် နှစ်နှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု နှစ်ဆတိုးတက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြ
24htopnews | October 21, 2024 9:12 PM CST

လက်ရှိအစိုးရသစ်လက်ထက်တွင် ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့သဖြင့် နှစ်နှစ်တာကာလအတွင်း ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုနှစ် ဆတိုးတက်လာခဲ့ကြောင်း ချင်းပြည်နယ်ရှိ ဒေသန္တရ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုနှင့်အခွင့်အလမ်းများ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိအစိုးရသစ်လက်ထက်တွင် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်နိုင်ရန် နည်းလမ်းရှာဖွေခြင်းအဖြစ် ၂၀၁၆ ခုနှစ် ဇွန်လ၌  ကန်ပက်လက်မြို့တွင် ချင်းပြည်နယ်ခရီး သွားလာရေးဖွ့ံဖြိုးမှုဖိုရမ်ကို ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ကန်ပက်လက်မြို့နယ် ဆော်လောင်းကျေးရွာ၌ ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ဒုတိယအဖြစ် ၂၀၁၈ ခုနှစ် မတ်လတွင် ဖလမ်းမြို့နယ် တာရွှန်းကျေးရွာ၌ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကို ဖွင့်လှစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းဖြင့် ရပ်ရွာအဆင့်တွင် ဒေသခံပြည်သူများ ဝင်ငွေရရှိစေနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး အစိုးရသစ်လက်ထက် နှစ်နှစ်တာကာလအ တွင်း ချင်းပြည်နယ်သို့ ပြည်တွင်းပြည်ပ ဧည့်သည်ဝင်ရောက်မှု နှစ်ဆတိုးတက်လာခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ချင်းပြည်နယ်တွင်း အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ(SME) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များအရ ခရီးသွားလုပ်ငန်းအပြင် ရိုးရာ ဂျပ်ခုတ်လုပ်ငန်းတို့ကို ဦးစားပေးလုပ် ကိုင်ရန်လျာထားကြောင်း ချင်းပြည်နယ်ရှိ ဒေသန္တရစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများအစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါမဟာဗျူဟာလုပ်ငန်းစဉ်များအရ ချင်းပြည်နယ်အတွင်းရှိ တွန်းဇန်၊ တီးတိန်မြို့နယ်များတွင် ကော်ဖီ၊ ပြောင်း၊ ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်းတို့ကိုလည်းကောင်း၊ ရိဒ်ရေကန် အခြေပြု ခရီးသွားလုပ်ငန်းတို့ကို လည်းကောင်း၊ ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီမြို့နယ်များတွင် ထောပတ်သီး၊ ဝဥ၊ ကော်ဖီ နှင့် ခရီးသွားလုပ်ငန်းတို့ကိုလည်းကောင်း၊ ပလက်ဝမြို့နယ်တွင် သရက်၊ ဝဥ၊ ဂျင်း၊ ရိုးရာ ဂျပ်ခုတ်လုပ်ငန်းနှင့် ၀ါးအခြေပြု လုပ်ငန်းတို့ကို ဦးစားပေးရန် လျာထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင်လည်း ချင်းပြည်နယ်အတွင်းရှိ ဒေသများသို့ သွားရောက်လည်ပတ်နိုင်ရန် ပြည်တွင်းပြည်ပခရီးသွားများ၏ စိတ်ဝင်စားမှုမြင့်တက်နေကြောင်း ပြည်တွင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများက ဆိုသည်။

၂၁၀၈ ခုနှစ် အောက်တိုဘာလအထိ ပြည်ပခရီးသွားဧည့်သည် ၂ ဒသမ ၈၄ သန်း ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၂၂ ရာခိုင်နှုန်းအထိ မြင့်မားလာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။

ပြည်တွင်းခရီးသွားလုပ်ငန်းများသည် ပြည်ပခရီးသွားများရောက်ရှိမှုထက် ပိုမိုများပြားသည့်အတွက် အရေးကြီးသောစျေးကွက် တစ်ခုဖြစ်ကြောင်း၊ အစိုးရဌာနဆိုင်ရာစာရင်း မှတ်တမ်းများမရှိသော်လည်း သတင်းနှင့် စာနယ်ဇင်းကဏ္ဍညွှန်းကိန်းများအရ  တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ပုဂံ၊ ပုပ္ပား၊ အ လောင်းတော်ကဿပ၊ ရွှေစက်တော်၊ ကျိုက်ထိုနှင့် ချောင်းသာကမ်းခြေတို့သည် ပြည်တွင်း ခရီးလည်ပတ်ရာ၌ အများဆုံးထင်ရှားသော ခရီးစဉ်ဒေသများဖြစ်ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်း လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနှင့် လုပ်ငန်းစဉ်စီမံကိန်း ၂၀၁၇-၂၀၂၀ တွင် ဖော်ပြထားသည်။       

 


READ NEXT
Cancel OK