နိုဝင်ဘာ၂၃ ရက်ညနေပိုင်းက မိတ္ထီလာမြို့ မြို့မရပ်ကွက်အတွင်း တရားမဝင်လှည့်လည် အလှူခံနေသော တရုတ်ဘုန်ကြီးဝတ် နှစ်ဦးအား သက်ဆိုင်ရာမှ စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ရပြီး လုပ်ငန်းဗီဇာ (Business Visa) ဖြင့် လူပုဂ္ဂိုလ်ဓာတ်ပုံဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာပြီးနောက် မိတ္ထီလာမြို့ မြို့မရပ်ကွက်တွင် တရုတ်ဘုန်းကြီးဝတ်ဖြင့် လှည့်လည်အလှူခံနေခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး နောက်နောင်ထိုသို့ မပြုလုပ်ရန် မိတ္ထီလာခရိုင် သာသနာရေး ဦးစီးဌာနမှ ကတိဝန်ခံချက် ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ၂၃ ရက် ညနေ ၅ နာရီခန့်က မိတ္ထီလာမြို့ မြို့မရပ်ကွက်အတွင်းရှိ စျေးဆိုင်များအတွင်းသို့ တရုတ်ဘုန်းကြီးဝတ်နှစ်ဦး လိုက်လံအလှူခံနေကြောင်း ပြည်သူများက သတင်းပေးပို့သဖြင့် မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ မိတ္ထီလာမြို့နယ် လဝကဦးစီးမှူး ဦးမောင်မောင်ကြည်၊ မိတ္ထီလာခရိုင် သာသနာရေးဦးစီးမှူး ဦးကိုကိုအောင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ရာ တရုတ်ဘုန်းကြီးဝတ်နှစ်ဦးမှာ တရုတ်နိုင်ငံသား SANG SHENGLI (၄၇ နှစ်) နှင့် ZHANG YUNGANG (၅၄ နှစ်)တို့ နှစ်ဦးဖြစ်ပြီး Business Visa လူပုဂ္ဂိုလ်ဓာတ်ပုံဖြင့် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း တွေ့ရှိရသဖြင့် နောက်နောင် တရားမဝင် အလှူခံခြင်းမပြုရန် ကတိဝန်ခံချက် ထိုးခိုင်းပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
“တရုတ်ဘုန်းကြီးနှစ်ပါး မြို့ထဲမှာ အလှူခံနေတယ်ဆိုတာ သိရလို့ ကျွန်တော်တို့ နောက်ကလိုက်ရှာကြတယ်။ ကျွန်တော်တို့နောက်က လိုက်လာပြီး ဓာတ်ပုံရိုက်တာလုပ်တော့ တရုတ်ဘုန်းကြီးနှစ်ပါးက ဆိုင်တွေဝင်ပြီး အလှူမခံတော့ဘူး။ မိတ္တီလာကန်ပတ်လမ်းအတိုင်း ဆင်းသွားပြီး ဓမ္မသုခကန်ဦး စေတီပေါ်တက် ဘုရားဖူး၊ ကန်ပတ်လည် ဟိုကြည့်ဒီကြည့်လုပ်ပြီး ဖောင်တော်ဦးဘုရားထဲ ဝင်သွားတယ်။ ဖောင်တော်ဦးဘုရားထဲ ဝင်သွားပြီးတော့ သာသနာရေးနဲ့ လဝကကဝင်ပြီး ဘာလာလုပ်တာတုန်း။ ဘာလို့ အလှူခံတာတုန်း စစ်မေးကြတယ်။ သူတို့မှာ သာသနာဝင်ကတ်လိုမျိုး တရုတ်စာတွေနဲ့ ရေးထားတဲ့ အနီရောင်ကတ်တွေလည်း ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာက ဆက်စစ်တော့ ဗီဇာက အလုပ်ဗီဇာတွေ ဖြစ်နေတယ်။ ဗီဇာထဲမှာပါတဲ့ ဓာတ်ပုံတွေမှာကျတော့ လူလိုပဲ ဆံပင်ရှည်တွေနဲ့ ဓာတ်ပုံရိုက်ထားတာ တွေ့ရတယ်။ အဲဒါနဲ့ သာသနာရေးက နောက်အလှူမခံဖို့ ကတိဝန်ခံချက်ထိုးခိုင်းပြီး မန္တလေးဆက်သွားခွင့် ပြုလိုက်တယ်။ သူတို့ကလည်း အေးအေးသက်သာ လက်မှတ်ထိုးပြီး နောက်နေ့ မနက်လင်းတာနဲ့ မန္တလေးသွားမယ်ဆိုပြီး သဘောတူတယ်” ဟုအဆိုပါ တရုတ်ဘုန်းကြီးနှစ်ပါးနောက်သို့ လိုက်လံရှာဖွေခဲ့ပြီး သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့သူ မိတ္ထီလာမြို့ခံ ကိုစိုးက ဆိုသည်။
“ညနေက တရုတ်ဘုန်းကြီးနှစ်ပါး ဆိုင်ထဲဝင်လာတယ်။ အဲဒီတရုတ်ဘုန်းကြီးတွေက ဗမာလို ကျေးဇူးတင်ပါတယ် လောက်တော့ ပြောတတ်တယ်။ ကျွန်တော်တို့ လက်အုပ်ချီပြလိုက်တော့ ပြန်ထွက်သွားတယ်။ ကျွန်တော်တို့နားက ကျန်တဲ့တရုတ်ဆိုင်တွေကတော့ တရုတ်ဘုန်းကြီးတွေကို အလှူငွေ ထည့်လိုက်ကြတယ်” ဟု မိတ္ထီလာမြို့ ရုပ်ရှင်ရုံလမ်းကြားတွင် ဆိုင်ခန်းဖွင့်လှစ်ထားသူ တစ်ဦးက ပြောကြားသည်။
တရုတ်နိုင်ငံသား ဘုန်းကြီးဝတ်ဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ လိုက်လံအလှူခံခြင်းများ မကြာခဏ ပြုလုပ်နေကြကြောင်း သိရှိရပြီး နိုဝင်ဘာ ၁၄ ရက်ကလည်း ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် တရုတ်နိုင်ငံသား ဘုန်းကြီးဝတ်နှစ်ဦး တရားမဝင် အလှူခံခြင်း ပြုလုပ်ခဲ့ကြောင်း သက်ဆိုင်ရာမှ စစ်ဆေးတွေ့ရှိရသဖြင့် တရုတ်နိုင်ငံသို့ အမြန်ဆုံးပြန်ရန်နှင့် မြန်မာနိုင်ငံအတွင်း လှည့်လည်အလှူခံခြင်း မပြုရန် ဝန်ခံကတိလက်မှတ် ရေးထိုးကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်ဘုန်းကြီးများသည် အလှူခံခြင်း အလေ့အထ မရှိသဖြင့် တရုတ်ဘုန်းကြီးကဲ့သို့ အယောင်ဆောင် အလှူခံခြင်းများ တွေ့ ရှိပါက ရန်ကုန်မြို့ ကွမ်ယင်စမ်းတာ့ပိန် ကျောင်းတိုက် ဖုန်း ၀၉-၅၁၉၁၃၂၈၊ ၀၁-၅၄၉၆၀၈ သို့ ဆက်သွယ်တိုင်ကြားကြရန် တရုတ်ကျောင်းထိုင် ဆရာတော် အရှင်ဓမ္မရက္ခိတက မိန့်ကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
