Top News

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ထိန်းသိမ်းထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား ပြန်ခွင့်ပြု
24htopnews | October 22, 2024 12:12 AM CST

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ထိန်းသိမ်းထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့ (ဖေဖော်ဝါရီ ၂ ရက်နေ့) ညနေပိုင်းတွင် နေရပ်သို့ ပြန်ခွင့်ပြုကြောင်း သက်ဆိုင်ရာက လိုက်လံကြေညာခဲ့ကြောင်း သိရသည်။

“ တပ်ဘက်ကနေပြီးတော့ ကိုယ်စားလှယ်တွေ ပြန်လို့ရကြောင်းကို လော်စပီကာနဲ့အော်ပြီး လိုက်ပြောတယ်။ ဒါပေမယ့် ကိုယ်စားလှယ်တွေအနေနဲ့ ပါတီရဲ့ ညွှန်ချက်မရသေးတဲ့အတွက် ပြန်ဖို့ မပြန်ဖို့ ဆုံးဖြတ်ချက် မချရသေးဘူး” ဟု ဦးရည်မွန်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ဖေဖော်ဝါရီ ၂ ရက်တွင် စတင်ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိပြီး စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုနေသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာပြီးနောက် အဆိုပါ ဧည့်ရိပ်သာအတွင်း၌ပင် လုံခြုံရေးအစောင့်အရှောက်ဖြင့် ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

“ဒုတိယဗိုလ်မှူးကြီး တစ်ယောက်ကနေပြီးတော့ ရဲမှူးကြီးတစ်ယောက်နဲ့ နှစ်ယောက် အပါအဝင် စည်ပင်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ မိုက်နဲ့လိုက်ပြီးတော့ အော်နေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ ပြန်ချင်ရင် ပြန်လို့ရပါပြီ ဆိုတဲ့အကြောင်း လိုက်ပြီးတော့ အော်နေတာပါ၊ မိုက်နဲ့” ဟု ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက ပြောကြားသည်။

လက်ရှိတွင် စည်ပင်ဧည့်ရိပ်သာ အဝင်အဝတွင် ရပ်တန့်ပိတ်ဆို့ထားသည့် တပ်မတော်မှ မော်တော်ယာဉ်များကို ဖယ်ရှားပေးလိုက်သည်ကို တွေ့ရှိရပြီး လုံခြုံရေးရယူထားမှုမှာ ရှိနေဆဲဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက “ဒါက သတင်းကြားလို့ ပါတီရဲ့ လမ်းညွှန်မှုကို စောင့်နေကြတာပါ။ ဆရာကတော့ ပစ္စည်းသိမ်းနေဆဲ” ဟု ပြောကြားသည်။


READ NEXT
Cancel OK