Top News

NLD ပါတီ မန္တလေးတိုင်းရုံးအား ချိတ်ပိတ်
24htopnews | October 22, 2024 12:12 AM CST

NLD ပါတီ မန္တလေးတိုင်းရုံးအား ဖေဖေါ်ဝါရီ ၁ ရက် ညပိုင်းက ချိတ်ပိတ်ခဲ့ကြောင်း NLD ပါတီဝင် အချို့ထံမှ စုံစမ်းသိရှိရသည်။

ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ NLD ပါတီ၏ မန္တလေးတိုင်းရုံးသို့ ဖေဖော်ဝါရီလ ၁ ရက် ည ၉ နာရီခွဲဝန်းကျင်က ရဲတပ်ဖွဲ့ ပါဝင်သော လုံခြုံရေးအဖွဲ့များမှ ချိတ်ပိတ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

NLD မန္တလေးတိုင်း ရုံးအတွင်း နေထိုင်ကြသည့် စေတနာ့ ဝန်ထမ်းများရှေ့တွင် သက်သေထားကာ သော့ခတ် ထိန်းသိမ်းခဲ့သည်ဟု သိရသည်။

“ညပိုင်းမှာ တိုင်းရုံးဝင် ချိတ်ပိတ်သွားတယ်လို့ သိရတယ်။ မြို့နယ်ရုံး တချို့တွေလည်း ဝင်တယ်လို့ ကြားတယ်။ လောလောဆယ်တော့ အသေးစိတ် မသိရသေးဘူး” ဟု NLD ပါတီဝင် တစ်ဦးကလည်း ပြောကြားခဲ့သည်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူအချို့ကို ဖေဖော်ဝါရီလ ၁ ရက်နံနက်ပိုင်းက ခေါ်ယူကာ မန္တလေးနန်းတွင်း၌ ခေတ္တ ထိန်းသိမ်းထားခဲ့ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ်မှာ ယနေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက် လာကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် ဝန်ကြီးတစ်ချို့လည်း ဖေဖေါ်ဝါရီ ၁ ရက် ညနေပိုင်းက နေအိမ်သို့ ပြန်လည် ရောက်ရှိပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းဥက္ကဋ္ဌ အပါအဝင် အတွင်းရေးမှူး၊  ပါတီဝင် အချို့နှင့် မန္တလေးမြို့ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် ဘဝအလင်း ဆရာတော် ဦးသောဘိတ ကိုလည်း ဖေဖေါ်ဝါရီ ၁ ရက်က ခေါ်ယူထိန်းသိမ်းခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK